News

POST TYPE

LATEST NEWS POST

စတုတ္ထတန်းနှင့် အဋ္ဌမတန်း အောင်စာရင်း နောက်ကျထုတ်ရန် ပညာရေးဝန်ကြီးပြော
ရန်ကုန်၊ ဇန်နဝါရီ ၂၈

စတုတ္ထတန်း ခရိုင်စစ်နှင့် အဋ္ဌမတန်း တိုင်းစစ်စာမေးပွဲ အောင်စာရင်းများကို ယခင်နှစ်များက နှစ်ဆန်းနှစ်ရက် (ဧပြီလ ၁၈ ရက်) ပုံမှန်ထုတ်ပြန်သော်လည်း ယခုနှစ်တွင် ဧပြီလ ၂၃ ရက်မှသာ ထုတ်ပြန်ရန် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားထားကြောင်း အခြေခံပညာ ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

အောင်စာရင်း တာဝန်ယူ ထုတ်ပြန်ရသည့် ကျောင်းအုပ်ကြီး သို့မဟုတ် ဆရာ၊ ဆရာမများသည် ကျေးရွာဒေသခံ မဟုတ်လျှင် သို့မဟုတ် နယ်ဝေးမှ လာရောက်တာဝန်ထမ်းဆောင်ရသူ ဖြစ်လျှင် မိမိနေထိုင်ရာ အခြားနယ်မှ လာရောက်တာဝန်ယူ ဆောင်ရွက်ရခြင်းကြောင့် အခက်အခဲ ရှိသဖြင့် ထိုသို့ နောက်ဆုတ်ခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် အတွင်းမှ မူလွန်ကျောင်းအုပ်ဆရာတစ်ဦးက သင်္ကြန်အခါကြီး၊ ရက်ကြီးပြီးချိန် ကပ်နေသောကြောင့် သွားလာရေး၊ အောင်စာရင်း လက်ခံမိတ္တူ ပြုလုပ်ခြင်း၊ အလုပ်နားရက် ကြားခံခြင်း စသည့် အခြေအနေများနှင့် အခက်အခဲ တွေ့ရကြောင်း မှတ်ချက်ပြုသည်။ 

“အဲဒီလို အခက်အခဲလေး နည်းနည်းရှိတယ်။ ဒါတွေမတိုင်ခင် ကတည်းက ကြိုလုပ်ရင်တော့ တစ်မျိုးပေါ့။ မနှစ်က အဲဒီလိုတွေ ကမောက်ကမ ဖြစ်တယ်။ ဒီနှစ် ငါးရက်လောက် နောက်ဆုတ်မယ် ဆိုရင်တော့ ပြင်ဆင်ချိန် ပိုရပါတယ်” ဟု အဆိုပါ ကျောင်းအုပ်က ပြောကြားသည်။

ကျန်အတန်းများ ဖြစ်သော ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ ပဉ္စမတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်း၊ နဝမတန်း ကျောင်းတွင်းစစ် စာမေးပွဲအောင် စာရင်းများကိုမူ အဆိုပါရက်တွင် တစ်ခါတည်း ထုတ်ပြန်၊ မထုတ်ပြန် မသေချာသေးကြောင်း အခြေခံပညာဦးစီးဌာန အဆိုပါ တာဝန်ရှိသူက ပြောဆိုသည်။

ကျောင်းတွင်းစစ် ကျန်အတန်းများ အောင်စာရင်း ထုတ်ပြန်ခြင်းမှာ မိမိကျောင်းအလိုက် ကျောင်းတွင်းစစ်ဖြစ်၍ စာဖြေလွှာ စစ်ဆေးခြင်း၊ အောင်စာရင်း ထုတ်ပြန်ခြင်းကို သင့်တော်သည့် အချိန်တွင် ညှိနှိုင်းလုပ်ဆောင်နိုင်သောကြောင့် အခက်အခဲ မရှိကြောင်း ရေစကြိုမြို့နယ် အတွင်းမှ အဆိုပါ ကျောင်းအုပ်က ဆိုသည်။

ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ် အခြေခံပညာအဆင့် (သူငယ်တန်းမှ ဆယ်တန်းအထိ) ကျောင်းသား၊ ကျောင်းသူ ၉ သန်းကျော်ရှိပြီး ဆရာ၊ ဆရာမ သုံးသိန်း ခုနစ်သောင်းကျော် ရှိကြောင်း အခြေခံပညာ ဦးစီးဌာန၊ စာရင်းအင်းဌာနထံမှ သိရှိရသည်။

စတုတ္ထတန်း ခရိုင်စစ်နှင့် အဋ္ဌမတန်း တိုင်းစစ်စာမေးပွဲများကို ဖေဖော်ဝါရီလ ၂၁ ရက်မှစ၍ စစ်ဆေးမည်ဖြစ်ပြီး ကျန်ကျောင်းတွင်းစစ် အတန်းများကိုမူ ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၈ ရက်အတွင်း စစ်ဆေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကုန်က သတင်းထုတ်ပြန်ထားသည်။