News

POST TYPE

LATEST NEWS POST

ကျောင်းသားများ စားသုံးသည့် အစားအစာ ၉၅ ရာခိုင်နှုန်း ကျန်းမာရေးနှင့် မညီညွတ်
13-Jan-2017 tagged as ကျောင်းသား


ရန်ကုန်၊ ဇန်န၀ါရီ ၁၃

နှလုံးသွေးကြောရောဂါ ဖြစ်ပွားနိုင်သည့် အချက်အလက်များကို သုတေသနပြု လေ့လာရာမှ ကျောင်းသားများ ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအစာ စားသုံးမှု ၉၅ ရာခိုင်နှုန်းခန့် ရှိသည်ကို တွေ့ရှိရကြောင်း  ဆေးသုတေသန ဦးစီးဌာန လက်တွေ့ ဆေးပညာသုတေသန ဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ပြောကြားသည်။ 

ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအသောက်များဟု ဆိုရာတွင် ဆီကြော် မုန့်၊ အသင့်စား အစားအစာများ၊ အချိုရည်နှင့် အငန်အရသာ ရှိသည့် အစားအစာများကို စားသုံးနေကြခြင်းဖြစ်ကြောင်း၊ အငန် စားသုံးမှုတွင် ကျောင်းသူများက ကျောင်းသားများထက် ပိုစားသည်ကို တွေ့ရကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

သုတေသန ရလဒ်များအရ ကျောင်းသား၊ ကျောင်းသူများတွင် ကိုယ်လက် လှုပ်ရှားမှု အနေဖြင့် ၅၁ ရာခိုင်နှုန်းသာ တွေ့ရကြောင်း၊ ၂၈ ရာခိုင်နှုန်းမှာ သွေးပေါင်ချိန် မြင့်နေခြင်းနှင့် ၁၅ ရာခိုင်နှုန်းမှာ ကိုယ်အလေးချိန်မြင့်ပြီး အ၀လွန်နေသည်ကို တွေ့ရကြောင်း ဒေါ်စန္ဒာကြည်က ဖြည့်စွက် ပြောကြားသည်။

“နှလုံးသွေးကြောရောဂါနဲ့ ပတ်သက်ပြီး မိဘ၊ ဆရာတွေကို ပညာပေးဖို့ လိုတယ်။ ကိုယ်လက် လှုပ်ရှားမှုတွေကိုလည်း ကျောင်းစာသင်ချိန်တွေမှာ ထည့်သွင်းတဲ့ကျောင်းတွေလည်း ရှိမှာပါ၊ ကျောင်းတွေမှာ ထည့်သွင်းသင့်ပါတယ်လို့ အကြံပြုချင်ပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ သုတေသနကို ရန်ကုန်မြို့ရှိ အထက်တန်းကျောင်း နှစ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၂၃၀ ကို သုတေသနပြုခဲ့ခြင်းဖြစ်သည်။