POST TYPE

LATEST NEWS POST

လူငါးဦး သေဆုံးစေခဲ့သည့် ဖို့ဒ်လော်ဒါဒေးလ်လေဆိပ် ပစ်ခတ်သူကို စွဲချက်တင်
09-Jan-2017 tagged as အမေရိကန်

တာလာဟက်ဆီ၊ ဇန်နဝါရီ ၈

ဖလော်ရီဒါပြည်နယ် ဖို့ဒ်လော်ဒါ ဒေးလ်လေဆိပ်တွင် ပစ်ခတ်အကြမ်းဖက်ခဲ့သူအား စွဲချက်တင်လိုက်ပြီ ဖြစ်သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။

အသက် ၂၆ နှစ် အရွယ်ရှိ အက်စတီ ဘန်ဆန်တီယာဂိုသည် လေဆိပ်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ရာ လူငါးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့သည်။

ဆန်တီယာဂိုကို အကြမ်းဖက်မှုဖြင့် စွဲချက်တင်ထားပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်အထိ ချမှတ်ခံရနိုင်သည်။ ၎င်းကို လက်နက်ကိုင်ဆောင်မှု စွဲချက်များဖြင့်လည်း စွဲချက်တင်ထားသည်။

ဆန်တီယာဂိုက ယခုတိုက်ခိုက်မှုမှာ စီစဉ်လုပ်ဆောင်ခြင်း ဖြစ်ပြီး ဖို့ဒ်လော်ဒါဒေးလ်သို့ တစ်ကြောင်းသွား လေယာဉ်လက်မှတ်သာ ဝယ်ယူလာခဲ့ကြောင်း ပြောကြားခဲ့သည်ဟု တရားရုံး မှတ်တမ်းများတွင် ဖော်ပြထားသည်။

အဘယ်ကြောင့် ဖို့ဒ်လော်ဒါဒေးလ်ကို ပစ်မှတ်အဖြစ် ရွေးချယ်ခဲ့သနည်း ဆိုခြင်းကို အာဏာပိုင်များက စုံစမ်းနေဆဲဖြစ်ပြီး အကြမ်းဖက်ဝါဒနှင့် ဆက်စပ်မှုရှိ၊ မရှိကိုမူ စုံစမ်းနေဆဲဖြစ်သည်။

ဆန်တီယာဂိုသည် အလာစကာမှ လေယာဉ်စီးလာခဲ့ရာတွင် ဆီမီးအော်တို တစ်ဖက်ကိုင် သေနတ်ကို တရားဝင် စစ်ဆေးခံပြီး သယ်ယူလာခဲ့ခြင်းဖြစ်ကာ ယင်းသေနတ်ကိုပင် အသုံးပြု ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။ 

၎င်း၏ ဝန်စည်စလယ်များထဲတွင် သေနတ်ပါကြောင်း တရားဝင် ကြေညာပြီး သယ်လာခဲ့ခြင်း ဖြစ်ကာ လေဆိပ်သို့ အရောက်တွင် အိမ်သာထဲသို့ဝင်ပြီး သေနတ်ထုတ်ကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ယခင်က ဆန်တီယာကို၏ စိတ်ကျန်းမာရေး အခြေအနေကို FBI က စစ်ဆေးခဲ့ဖူးရာ ယခုတိုက်ခိုက်မှုတွင် စိတ်ကျန်းမာရေး ပြဿနာများ ဆက်စပ်မှုရှိ၊ မရှိကိုလည်း တာဝန်ရှိသူများက စစ်ဆေးလျက်ရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ဆန်တီယာဂိုသည် အလာစကာရှိ FBI ရုံးခန်းတွင်းသို့ ကယောင်ချောက်ချားဖြင့် ဝင်လာခဲ့ဖူးသည်ဟု FBI နှင့် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထိုစဉ်က သေနတ်ကို ကျည်အပြည့် ဖြည့်ထားသော်လည်း ကားအတွင်း၌သာ သူ၏ မွေးစရင်သွေးနှင့်အတူ ထားရှိခဲ့သည်။

နောက်ပိုင်းတွင် စိတ်ကျန်းမာရေး အခြေအနေစစ်ဆေးရာ၌ ၎င်းက အသံများ ကြားနေရကြောင်း FBI ကို ပြောကြားခဲ့ဖူးပြီး ၎င်းကို အမေရိကန်ထောက်လှမ်းရေး အေဂျင်စီက ထိန်းချုပ်ထားသည်ဟု ယုံကြည်နေသူ ဖြစ်သည်ဟု ဆိုသည်။

ထိုစဉ်က စစ်ဆေးပြီးနောက် အလွဲလုပ်မှု တစ်စုံတစ်ရာ မရှိသည့်အတွက် သိမ်းဆည်းထားသည့် ၎င်း၏ သေနတ်ကို ဒီဇင်ဘာလအတွင်းက ပြန်ပေးခဲ့သည်ဟု ဆိုသည်။ 

ယခုတိုက်ခိုက်မှုတွင် ထိုသေနတ်ကိုပင် သုံးခဲ့သလား ဆိုခြင်းမှာမူ အတိအကျ မသိရသေးပေ။

ဆန်တီယာဂိုသည် ပွာတိုရီကိုနှင့် အလာစကာ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်ဟောင်း ဖြစ်ပြီး အီရတ်တွင် ၂၀၁၀ ဧပြီလမှ  ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်ဟု သိရသည်။ ၂၀၁၆ ခုနှစ် သြဂုတ်လအထိ တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

အီရတ်တွင် တာဝန်ထမ်းဆောင်စဉ် စိတ်လွတ်သွားခဲ့ဖူးကြောင်း သူကိုယ်တိုင် ဒေသသတင်းစာ တစ်စောင်ကို ပြောခဲ့ဖူးပြီး သူ၏ ညီဖြစ်သူကလည်း ဆန်တီယာဂိုသည် မကြာသေးမီကမှ စိတ်ပိုင်းဆိုင်ရာ ကုသမှု ခံယူထားသူ ဖြစ်သည်ဟု ပြောကြားထားသည်။

ဆန်တီယာဂိုမှာ စိတ်ကျေနပ်ဖွယ် စွမ်းဆောင်ရည် မရှိသောကြောင့်ဟုဆိုကာ အလာစကာ အမျိုးသားအစောင့်တပ်ဖွဲ့မှ ထုတ်ပယ်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

အမေရိကန်တွင် သေနတ်နှင့် ကျည်ဆန်၊ ခဲယမ်းများကို စစ်ဆေးခံသည့် ဝန်ဆည်စလယ်အမာအတွင်း သော့ခတ်သယ်ယူခြင်းမှာ တရားဝင်သည်။  

F-03