News

POST TYPE

LATEST NEWS POST

နိုင်ငံရေးလေ့လာသူ ဦးရဲထွန်း၏ သုံးသပ်ချက်

ကျွမ်းကျင်သူတို့ သုံးသပ်တဲ့ ၂၀၁၇
၂၀၁၇ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသည်ဖြင့် ကဏ္ဍအသီးသီးတွင် မည်သည့်အပြောင်းအလဲများ မြင်တွေ့ရဖွယ် ရှိသည်ကို The Voice Daily စာဖတ်ပရိသတ်များ ကြိုတင်မှန်းဆနိုင်စေရန် အလို့ငှာ နယ်ပယ်အလိုက် ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။ တစ်ရက်လျှင် ကဏ္ဍတစ်ခုနှုန်း ဖော်ပြသွားမည် ဖြစ်ပါသည်။  အယ်ဒီတာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အနိုင်ရပြီးနောက် ပေါ်ပေါက်လာသော ဒုတိယအကြိမ် လွှတ်တော်များမှာ သက်တမ်းတစ်နှစ်နီးပါး ရှိလာပြီ ဖြစ်သည်။ လွှတ်တော်၏ တစ်နှစ်သက်တမ်းနှင့် ၂၀၁၆ ခုနှစ် အကုန် ၂၀၁၇ ခုနှစ် အကူးအပြောင်းတွင် လွှတ်တော်၏ အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် အလားအလာများကို ပထမအကြိမ် လွှတ်တော်သက်တမ်း ငါးနှစ်တွင် သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးရဲထွန်း၏ သုံးသပ်ချက်များကို မေးမြန်းဖော်ပြအပ်ပါသည်။

Voice : ခုဆိုရင် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းက တစ်နှစ်နီးပါး ရှိလာပြီ။ ၂၀၁၁ မှာ ပေါ်လာတဲ့ ပထမအကြိမ် လွှတ်တော်တွေနဲ့ ၂၀၁၆ မှာ ပေါ်လာတဲ့ ဒုတိယအကြိမ် လွှတ်တော်တွေက လူထုအသိအမှတ်ပြု ထောက်ခံမှု အပိုင်းမှာလည်း အတော်ကွာတယ်။ ဒီလိုအနေအထားမှာ ပထမအကြိမ်လွှတ်တော်နဲ့ ဒုတိယအကြိမ် လွှတ်တော်ရဲ့ တစ်နှစ်တာ သက်တမ်းမှာ ဘယ်လိုကွာခြားချက်တွေများ တွေ့ပါသလဲ။

UYT : ပထမဦးဆုံး ပြောရမှာကတော့ လွှတ်တော်တွေအပေါ် လူထုရဲ့ မျှော်လင့်ချက်ပေါ့။ ပထမအကြိမ် လွှတ်တော်နဲ့ ဒုတိယအကြိမ် လွှတ်တော်တွေအပေါ် ပြည်သူလူထု အသိအမှတ်ပြု ထောက်ခံမှု သိပ်ကွာတာ အမှန်ပါပဲ။ ပထမအကြိမ်လွှတ်တော်ဟာ မြန်မာပြည်သူတွေအကြား သိပ်ပေါ်ပြူလာမဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ပေါ်ပေါက်လာတာ ဖြစ်သလို ချို့ယွင်းချက်တွေ၊ အပြစ်ပြောစရာတွေ ရှိနေတဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ လွှတ်တော်ဖြစ်လေတော့ လွှတ်တော်ရဲ့ ပထမဦးဆုံး ကာလတွေမှာ ပြည်တွင်းရော ပြည်ပကပါ အထင်အမြင် မကောင်းလှဘူး။ အရပ်သားပုံ ပြောင်းထားတဲ့ စစ်အစိုးရကို တရားဝင်ဖြစ်စေ ဖို့ဖွဲ့ထားတဲ့ ဟန်ပြလွှတ်တော်၊ ရော်ဘာတံဆိပ်တုံး လွှတ်တော် ဖြစ်လိမ့်မယ်လို့ ထင်ခဲ့ကြတယ်။ လွှတ်တော်ထဲ ရောက်နေခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် အများစုကြီးလည်း သတင်းမီဒီယာတွေကို လွတ်လပ်စွာ ရေးသားပြောဆိုခွင့်တွေ ပေးလိုက်တဲ့အခါ လွှတ်တော်ပြင်ပ ပြည်တွင်း-ပြည်ပက လူတွေ စိတ်ဝင်တစား ရှိလာကြတယ်။ လွှတ်တော်တွင်းမှာ ရဲရဲတင်းတင်း မေးခွန်းတွေ မေး၊ ဆွေးနွေးပြောဆိုတဲ့ သူတွေကိုလည်း ပြည်သူလူထုက သတိထား အသိအမှတ်ပြုလာကြတယ်။ လွှတ်တော်ကနေ အစိုးရကို ထိန်းကျောင်းတဲ့ လုပ်ငန်းစဉ်က ထင်မထားတဲ့ အတိုင်းအတာထိ ဖြစ်လာ၊ အစိုးရကို ဝေဖန်ထောက်ပြမှုတွေကလည်း ပွင့်ပွင့်လင်းလင်း ခွင့်ပြုလာတာတွေ တွေ့ရလို့  ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ NLD တောင် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ချက် ချလာရတယ်။ တစ်ခွန်းတည်း ချုပ်ပြောရရင်တော့ ပထမအကြိမ်လွှတ်တော်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် တအံ့တသြ ဖြစ်ကြရတယ်လို့ ဆိုရလိမ့်မယ်။ 

အခုဒုတိယအကြိမ် လွှတ်တော်အပေါ်မှာကျတော့ ပြည်သူလူထု မျှော်လင့်ချက်က တစ်မျိုး။ အရင်ပထမအကြိမ် လွှတ်တော်က အစိုးရကို ထိန်းကျောင်းတဲ့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်ခဲ့ပေမယ့် အုပ်ချုပ်ရေး ယန္တရားကြီး တစ်ခုလုံး သိသိသာသာ ပြောင်းလဲသွားအောင် မဆောင်ရွက်နိုင်ခဲ့ဘူး။ လွှတ်တော်ထဲမှာလည်း NLD အမတ်တွေ အများစု ဖြစ်နေတာကြောင့် ဒီအုပ်ချုပ်ရေး ယန္တရားကြီးကို ကောင်းမွန်လာအောင် ထိထိရောက်ရောက် တည့်မတ်နိုင်လိမ့်မယ်လို့ အများကြီး မျှော်လင့်ခဲ့ကြတယ်။  

သို့သော်လည်း လွှတ်တော်ဥက္ကဋ္ဌက အစိုးရကို အကျပ်အတည်း တွေ့စေမယ့် မေးခွန်းတွေ မမေးဖို့ ဟန့်တားတဲ့အခါ လွှတ်တော်ကိုယ်စားလှယ် အများအပြားရော လေ့လာနေတဲ့သူတွေပါ စိတ်ပျက်သွားကြတယ်။  

ဒါ့အပြင် လွှတ်တော်နဲ့ အစိုးရအဖွဲ့အကြား အရေးကြီးတဲ့ ကိစ္စမှာ ကီးမညီတာလေးတွေလည်း တွေ့ရတယ်။ ဥပမာ-အမေရိကန် Sanction ရုပ်သိမ်းရေးကိစ္စ USDP ပါတီအမတ်က အဆိုတင်တယ်။ NLD အမတ်တွေက အများစုနဲ့ ပယ်ချလိုက်တယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က Sanction ရုပ်သိမ်းဖို့ လက်တွေ့အကောင်အထည်ဖော်တယ်။ အောင်မြင်တယ်။ တကယ်လည်း ဒါဟာ တိုင်းပြည်အတွက် အကျိုးရှိပါတယ်။ ဒါဖြင့် လွှတ်တော်က ဘာလို့ကန့်ကွက်ခဲ့တာလဲ။ ဒါကြောင့် လက်ရှိလွှတ်တော်ရဲ့ အရည်အသွေးအပေါ် မေးခွန်းထုတ်စရာ ဖြစ်တာပေါ့။ ဒီပထမတစ်နှစ်တည်းမှာပဲ လွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့ မသင့်တော်တဲ့ လုပ်ရပ်တွေ ပေါ်ထွက်လာပြီး ပါတီက အရေးယူလိုက်ရတာကလည်း တစ်ချက်ပေါ့။ ချုံပြောရရင် ဒုတိယအကြိမ်လွှတ်တော် တစ်နှစ်သက်တမ်း ကာလဟာ ပြည်သူတွေ မျှော်မှန်းသလောက် ဖြစ်မလာဘူးလို့ ဆိုရမှာပါ။

Voice : လွှတ်တော်ရဲ့ တာဝန်တွေဖြစ်တဲ့ ဥပဒေပြုရေး၊ အစိုးရကို အပြန်အလှန် ထိန်းကျောင်းရေးတွေမှာ လက်ရှိလွှတ်တော်က ဘယ်လောက်အထိ လုပ်နိုင်နေလဲဆိုတာ အကဲဖြတ်ပေးစေချင်ပါတယ်။ 

UYT : လွှတ်တော်တာဝန် ဖြစ်တဲ့ ဥပဒေပြုရေး-ပြင်ဆင်ဖျက်သိမ်းရေးမှာတော့ လိုအပ်တာတွေ ပြဋ္ဌာန်းနိုင်တာ/ပယ်ဖျက်နိုင်တာတွေ ရှိပါတယ်။ ဥပမာ- နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေလိုဟာမျိုး အသစ်ရေးဆွဲ ပြဋ္ဌာန်းနိုင်ခဲ့တယ်။ နောက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို နှိပ်ကွပ်ရာမှာ သုံးခဲ့တဲ့ ၁၉၅၀ ခုနှစ် အရေးပေါ်စီမံချက် အက်ဥပဒေနဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေလိုဟာမျိုးတွေ ရုပ်သိမ်းနိုင်ခဲ့တယ်။ ဒါတွေက ကောင်းပါတယ်။ ရပ်ကျေးဥပဒေထဲက ဧည့်စာရင်းတိုင်ရမယ် ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ပယ်ဖျက်လိုက်တဲ့ အပေါ်တော့ ကျွန်တော့်မှာ လွှတ်တော်နဲ့ မတူတဲ့အမြင် ရှိပါတယ်။

ကျွန်တော့်အမြင်မှာ ဧည့်စာရင်းတိုင်ရမယ် ဆိုတဲ့ ပြဋ္ဌာန်းချက်က ပြဿနာလို့ မထင်ပါဘူး။ အများပြည်သူ လုံခြုံရေးအတွက် လိုအပ်လို့ လုပ်ရတာလို့ ခံယူပါတယ်။ ဧည့်စာရင်းတိုင်တဲ့အခါ ငွေပေးရတာ၊ အဲဒီငွေကြေးကို သုံးစွဲပုံနဲ့ ဧည့်စာရင်းစစ်တဲ့အခါ လိုအပ်တာထက် အာဏာပိုသုံးလို့ အများပြည်သူလူထုရဲ့ လွတ်လပ်ခွင့်ကို ထိပါးနှောင့်ယှက်တာကသာ ပြဿနာပါ။ အဲဒါကို ပြဋ္ဌာန်းချက်အသစ် ထပ်ဖြည့်ပြီး ထိန်းညှိတာမျိုးပဲ လုပ်သင့်ပါတယ်။

အစိုးရကို ထိန်းကျောင်းရေးမှာကတော့ မေးခွန်းတွေမေးတဲ့နည်း၊ အဆိုတွေတင်တဲ့နည်းနဲ့ ဆောင်ရွက်ရတာ အဓိက လုပ်လို့ရတဲ့ နည်းနာ ဖြစ်ပါတယ်။ ဒုတိယအကြိမ် NLD လွှတ်တော် အနေနဲ့တော့ အစိုးရအဖွဲ့ကို ထိန်းကျောင်းရတဲ့ တာဝန်ဆိုတာ အစိုးရအဖွဲ့ဝင် အသီးသီးက ခေါင်းဆောင် တာဝန်ယူထားရတဲ့ ဌာနဆိုင်ရာ ယန္တရားကြီးနဲ့ အုပ်ချုပ်ရေး ယန္တရားကြီးရဲ့ အကျင့်ပျက်မှုတွေ၊ နိုင်ငံ့ဘဏ္ဍာ ဖြုန်းတီးမှုတွေကိုပါ ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲနိုင်ဖို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမဲ့ ဝန်ကြီး၊ ဒုဝန်ကြီးတွေက ပထမအကြိမ် လွှတ်တော်ကာလတုန်းကလိုပဲ အောက်ခြေက စာနဲ့ပြန်ရေးတင်ပေးလာတဲ့ အချက်အလက်မှားတွေ၊ ဆင်ခြေတွေကိုပဲ ပြန်ဖတ်ပြနေရသလို ဖြစ်နေတုန်းပဲ ရှိပါသေးတယ်။ ဒီပြုပြင်ပြောင်းလဲရေး ထိထိရောက်ရောက် ဖြစ်ဖို့အတွက် ပြည်ထောင်စုအဖွဲ့ဝင် ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေက အောက်ကပြန်လာတဲ့ မေးခွန်းတွေရဲ့အဖြေကို ရပြီးတဲ့အခါ လွှတ်တော်ထဲ မဖြေခင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်နဲ့တွေ့၊ အဖြေတွေဟာ ပကတိ ဖြစ်ရပ်တွေနဲ့ ကိုက်ညီမှု ရှိ-မရှိ၊ လုပ်ကြံထားတာတွေလား မေးမြန်းပြီး လိုအပ်ရင် ဒုဝန်ကြီး ကိုယ်တိုင်ဆင်း၊ မလိုအပ်ရင် ဝန်ကြီးဌာက တိုက်ရိုက် လူယုံလွှတ်ပြီး အောက်ခြေထုထဲမှာ စုံစမ်းလေ့လာတာ၊ အဖြေရှာတာလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာ ကိုယ့်ဌာနတစ်ခုလုံးရဲ့ လုပ်ပုံကိုင်ပုံ အမှန်နဲ့ အထက်ကို လိမ်ညာပုံတွေကို သိလာပြီး ဘယ်လိုပြုပြင်ပြောင်းလဲရမယ်ဆိုတဲ့ အဖြေကို ရှာနိုင်လိမ့်မယ် ထင်ပါတယ်။ အခုလို မေးခွန်းမေး၊ အောက်ကရေးတင်လာတဲ့ ပါတာဖတ် လုပ်ရိုးလုပ်စဉ်အတိုင်း သွားနေတာက မထိရောက်ဘူးလို့ မြင်ပါတယ်။

Voice : ၂၀၁၆ ခုနှစ်အတွင်းမှာ လွှတ်တော်အနေနဲ့ ထူးထူးခြားခြား လုပ်ဆောင်ခဲ့တာမျိုး သတိထားမိပါသလား။

UYT : လွှတ်တော်အနေနဲ အထူးခြားဆုံး လုပ်နိုင်ခဲ့တာကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းခဲ့တာ ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီဥပဒေ ပြဋ္ဌာန်းပြီး ၅၉ (စ) ကို ကွေ့ရှောင်နိုင်ခဲ့ပါတယ်။ 

ဒီကိစ္စက မြန်မာ့နိုင်ငံရေးမှာ တော်တော်ကြီးမားတဲ့ အကျပ်အတည်းပါ။ ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထွက်ပေါက်ပေးထားတယ်။ အဲဒီထွက်ပေါက်ကို ရှာတွေ့ခဲ့တယ်။ အခြေခံဥပဒေ ပုဒ်မ ၂၁၇၊ ၂၁၈ ပေါ့ဗျာ။ ရှာဖွေပေးသူကလည်း တပ်မတော်အပေါ် သြဇာတိက္ကမကြီးသူ ဖြစ်ပုံရတယ်။ ဒီလိုမှ မဟုတ်ရင် ဒီကိစ္စကို လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြတာကြည့်ပြီး စိတ်လှုပ်ရှားစရာပဲ။ အဲဒီအပေါ်ယံ အခြေအနေကြည့်ရင် စိုးရိမ်စရာကြီးပါပဲ။ ကျွန်တော့်အမြင်မှာတော့ ဒါက မြန်မာ့နိုင်ငံရေးမှာ အကျပ်အတည်းတစ်ခုက ထွက်လာနိုင်စေတဲ့ ကံကောင်းတဲ့ အကွက်တစ်ကွက်လို့ပဲ ယူဆပါတယ်။

Voice : NLD ပါတီက လွှမ်းမိုးထားတဲ့ လက်ရှိလွှတ်တော်အတွက် ၂၀၁၆ ခုနှစ်အတွင်း ဘယ်လိုအခက်အခဲတွေများ သတိထားမိခဲ့ပါသလဲ။ 

UYT : လက်ရှိလွှတ်တော်အတွက် အဓိက အခက်အခဲကတော့ အစိုးရအဖွဲ့သစ်က လွှဲပြောင်းတာဝန်ယူရတဲ့ ဌာနဆိုင်ရာ ယန္တရားနဲ့ အုပ်ချုပ်ရေး ယန္တရားတွေကို  ထိထိရောက်ရောက် ပြောင်းလဲနိုင်ရေးပေါ့။ Clean Government ရဲ့ Good Governance ဖြစ်ရေးကို ဖော်ဆောင်ရာမှာ သင့်လျော်ထိရောက်တဲ့ နည်းလမ်းကို ရှာမတွေ့သေးတာပဲ ဖြစ်တယ်။ ဒီအတွက် လွှတ်တော်အကြီးအမှူးတွေနဲ့ အစိုးရအဖွဲ့ ပူးပေါင်းပြီး နည်းလမ်းရှာဖို့ လိုလိမ့်မယ် ထင်ပါတယ်။ လိုအပ်ရင် လွှတ်တော်လုပ်ထုံးလုပ်နည်းတွေ ပြင်ဆင်ပြဋ္ဌာန်းရလိမ့်မယ်။

Voice : နောက်ပြီး ၂၀၁၆ ခုနှစ် အတွင်းမှာပဲ လွှတ်တော်ဥက္ကဋ္ဌနဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်အချို့အကြား မကျေမလည် ဖြစ်ခဲ့တာတွေ၊ အမျိုးသားလွှတ်တော်မှာ တိုင်းရင်းသား ကိုယ်စားလှယ်နှစ်ဦးကို ကော်မတီဥက္ကဋ္ဌ တာဝန်က ဖယ်လိုက်တာတွေ ဖြစ်ခဲ့တယ်။ ဒါက ဖြစ်ရိုးဖြစ်စဉ်ပဲလား။ ဒါမှမဟုတ် အမျိုးသားရင်ကြားစေ့ရေးအပေါ် တစ်စုံတစ်ရာ အကျိုးသက်ရောက်နိုင်မလား။ တိုင်းရင်းသားပါတီက ကိုယ်စားလှယ်ဟောင်းတစ်ဦး အနေနဲ့ သုံးသပ်ပေးပါ ဆရာ။

UYT : NLD ပါတီဝင် တိုင်းရင်းသား ကိုယ်စားလှယ်နှစ်ဦးကို အမျိုးသားလွှတ်တော်မှာ ရှိတဲ့ ကော်မတီ ဥက္ကဋ္ဌ တာဝန်ကနေ ဖယ်လိုက်တဲ့ အသေးစိတ် အကြောင်းရင်းကို မသိရဘူး။ ပါတီက တာဝန်ရှိသူက ပြောတာတော့ ပါတီစည်းကမ်း ချိုးဖောက်လို့ တာဝန်က ရပ်စဲတယ် ပြောပေမယ့် ကာယကံရှင်ကတော့ ပါတီစည်းကမ်း ချိုးဖောက်တာ ဘာမှမရှိခဲ့ဘူးလို့ ဆိုတယ်။ အဲဒီတော့ တာဝန်က အနားပေးခံရသူ ကိုယ်တိုင် ဘာကြောင့် အနားပေးခံရတာလဲ၊ ဘယ်သူက ဆုံးဖြတ်တာလဲ ဆိုတာတောင် မရှင်းလင်းဘူး ဖြစ်နေတယ်လို့ ထင်ပါတယ်။ လွှတ်တော်ဥပဒေအရ ကော်မတီဥက္ကဋ္ဌ- အတွင်းရေးမှူး တာဝန်ပေးတာ၊ ကော်မတီဝင် တာဝန်ပေးတာတွေဟာ လွှတ်တော်ဥက္ကဋ္ဌရဲ့ သဘောဆန္ဒအရ အကြောင်းပြချက်မလိုဘဲ ခန့်တာ၊ ဖြုတ်တာ လုပ်နိုင်ပါတယ်။ ကျွန်တော် ဆိုချင်တာက ဥပဒေနဲ့အညီ ပွင့်ပွင့်လင်းလင်း လုပ်စေချင်တာပါ။ ပါတီကဝင်ပြီး ဆုံးဖြတ်တယ်၊ ပေးတဲ့ အကြောင်းပြချက်ကလည်း မရှင်းမလင်း ဆိုတာမျိုးက မသင့်တော်ပါဘူး။ ပါတီတွင်း စည်းလုံးညီညွတ်ရေးကို အများကြီး ထိခိုက်ပါတယ်။ 

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရခိုင်ပါတီက အမတ်တစ်ယောက်ကို အမေရိကန်က ဖိတ်ကြားလာတဲ့ ကိစ္စမှာ သူ့သဘောနဲ့သူ ပယ်လိုက်ပြီး လူစားထိုးလိုက်တာမျိုးကတော့ မလုပ်သင့်ပါဘူး။ သဘောထား သေးသိမ်ရာ ရောက်သလို အရင်လွှတ်တော်ဥက္ကဋ္ဌတွေလိုတောင် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေးကို မလေးစားပါလားလို့ ခံစားမိပါတယ်။ 

Voice : ပြီးခဲ့တဲ့ လွှတ်တော်တွေမှာတော့ လွှတ်တော်အကြီးအကဲက သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်လို့ ဒီလိုရှင်းရှင်းလင်းလင်း မြင်ရတယ်။ အခု NLD လွှတ်တော်မှာတော့ ဦးဝင်းမြင့်နဲ့ မန်းဝင်းခိုင်သန်းအပြင် လွှတ်တော်အလုပ်တွေကို သူရဦးရွှေမန်းနဲ့ ဦးဝင်းထိန်ကလည်း အတော်လေး ထဲထဲဝင်ဝင် ဝင်ပါနေတဲ့ အနေအထား တွေ့ရတယ်။ ဒီလိုဖြစ်နေတော့ အားသာချက်၊ အားနည်းချက် ဘာတွေရှိနိုင်မယ်လို့ မြင်ပါသလဲ။။ 

UYT : ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကာယကံရှင်တွေက ဒူးနေရာဒူး၊ တော်နေရာတော် နေတတ်ထိုင်တတ်ဖို့ လိုမယ်ထင်ပါတယ်။ တချို့ကိစ္စတွေမှာ ပါတီအနေနဲ့ မိမိပါတီဝင် အမတ်တွေကိစ္စ ဆောင်ရွက်ရတာတွေ ရှိနိုင်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါ ဒီမိုကရေစီ စုပေါင်းခေါင်းဆောင်မှု စနစ်အရ ချမှတ်ထားတဲ့ ပါတီစည်းကမ်းနဲ့အညီ အများစု သဘောထားနဲ့ လုပ်ရတာဆိုတာ ပေါ်လွင်ဖို့ လိုပါတယ်။ ပြောရေးဆိုခွင့်ရှိတဲ့သူ သီးသန့်ခန့်ထားပြီး ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို ပြောစေတာက ပိုသင့်တော်ပါတယ်။ အဓိကကတော့ သူ့သက်ဆိုင်ရာ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ သက်ဆိုင်ရာ အဖွဲ့အစည်းက လုပ်ကိုင်စေတာ ကောင်းပါတယ်။ နေရာတကာ ပါတီက ဝင်ပါတာ မကောင်းသလို ကိုယ်တစ်ယောက်တည်းကပဲ အရာရာ ဆုံးဖြတ်သလိုမျိုး ပြောဆိုနေတာတွေက မသင့်တော်ပါဘူး။

အပြင်မှာ ဂယက်မကောင်းပါဘူး။ ပါတီတွင်း စည်းလုံးညီညွတ်မှုကိုလည်း အကြီးအကျယ် ထိခိုက်စေပါတယ်။ အာဏာရှင်စနစ်ကို တော်လှန်ဆန့်ကျင်ခဲ့တဲ့ သူတွေက အာဏာရှင် လုပ်ဟန်တွေကို နှစ်နှစ်ခြိုက်ခြိုက် လုပ်နေတာ တွေ့ရတော့ တိုင်းပြည်အနာဂတ် အရေးအတွက် စိတ်ထဲမကောင်း ဖြစ်မိတယ်။

Voice : ၂၀၁၆ နှစ်ကုန်သွားပြီ။ လွှတ်တော်သက်တမ်းလည်း တစ်နှစ်နီးနီး ရှိလာပြီ ဆိုတော့ လာမယ့် ၂၀၁၇ နှစ်သစ်မှာ လွှတ်တော်တွေက ဘာတွေကို ဦးစားပေး လုပ်လာနိုင်မယ် ထင်ပါသလဲ။ ဘာတွေ ဦးစားပေး လုပ်သင့်တယ်လို့ရော ယူဆပါသလဲ။ 

UYT : လာမယ့် နှစ်စလောက်မှာတော့ အခုတစ်လော ဟော့ဖြစ်နေတဲ့ ၆၆ (ဃ) ပြင်ဆင်ရေးကို လုပ်လိမ့်မယ်လို့ ယူဆပါတယ်။ အဲဒါနဲ့ပတ်သက်ရင် ဦးရွှေမန်း ပြောတာကို ကျွန်တော် သဘောတူပါတယ်။ အသရေဖျက်တဲ့ ပုဒ်မကို သီးခြားခွဲထုတ်ပစ်ရမှာပါ။

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းရေးဆိုင်ရာ ဥပဒေက ပြည်သူလူထုနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အကြား အပြန်အလှန် ထိန်းကျောင်းမှုတစ်ခု ဖြစ်စေဖို့အတွက် အခြေခံဥပဒေက ပေးတဲ့ အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံဥပဒေနဲ့အညီ ဒီဥပဒေကို ပြဋ္ဌာန်းသင့်ပါတယ်။

Voice : ပြီးခဲ့တဲ့ လွှတ်တော်က တာဝန်မကျေခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေလိုဟာမျိုးကော အခု NLD လွှတ်တော်က ပြဋ္ဌာန်းနိုင်မယ်လို့ ယုံကြည်ပါသလား။ ၂၀၁၇ ခုနှစ် အတွင်းရော ဖြစ်နိုင်ပါ့မလား။

UYT : ပြဋ္ဌာန်းသင့်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်တန်းမှုတွေကို စစ်ဆေးရမယ့် အဓိကတာဝန်ရှိ အဖွဲ့အစည်းဟာ ရွေးကောက်ပွဲကော်မရှင် ဖြစ်ပါတယ်။ အရင်က မပြဋ္ဌာန်း ဖြစ်ခဲ့တာက အဲဒီရွေးကောက်ပွဲကော်မရှင်က ဘက်လိုက်မှုများ ရှိမလားလို့ စိုးရိမ်မှု ရှိခဲ့တာကြောင့်လည်း ပါပါတယ်။ အခုက NLD ပါတီက ရွေးချယ်ခန့်ထားတဲ့  ရွေးကောက်ပွဲကော်မရှင်ပါ။ အဲဒီလို စိုးရိမ်မှုမျိုးတော့ မရှိနိုင်တော့ပါဘူး။ ဒါပေမဲ့ ၂၀၁၇ ခုနှစ်အတွင်း ဖြစ်နိုင်လိမ့်မယ် မထင်ပါဘူး။ ဒီအချက်က ဒီမိုကရေစီ လိုလားတဲ့ လွှတ်တော်တစ်ရပ်အတွက် လှောင်ပြောင်ရယ်မောစရာ ဖြစ်နေဦးမှာပါ။  

Voice : အခု ၂၀၁၇ နှစ်မှာ NLD လွှတ်တော်က ပထမဆုံးအကြိမ် အနေနဲ့ အစိုးရဘတ်ဂျက်ကို တည်းဖြတ်တာ၊ အတည်ပြုတာ လုပ်ရမှာဆိုတော့ လူပြောသူပြော များလှတဲ့ ပညာရေး၊ ကာကွယ်ရေး ကဏ္ဍတွေမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာနိုင်မယ်လို့ ခန့်မှန်းပါသလဲ။

UYT : ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းမှာတော့ ပညာရေးဘတ်ဂျက် တိုးကြမယ်ဆိုတော့ အားလုံးသဘောတူပြီး တိုးကြတယ်။ ဒါပေမဲ့ ကာကွယ်ရေးဘတ်ဂျက်နဲ့ ပတ်သက်လို့တော့ ဖြတ်တောက်တာ၊ လျှော့ချတာတွေ မလုပ်ဘူး။ မလုပ်ရဘူးလို့များ ပြောထားသလား ကျွန်တော်လည်း နားမလည်ဘူးပေါ့လေ။ လာမယ့်ဘတ်ဂျက်မှာလည်း ပညာရေးကို တော်တော်တိုးတောင်းမယ် ကြားတယ်။ ဒါက ကောင်းပါတယ်။ တစ်ခု စိုးရိမ်တာတော့ ရှိတယ်။ အရင်လွှတ်တော်တုန်းက ပညာရေး၊ ကျန်းမာရေး ဘတ်ဂျက်တွေ တိုးတောင်းကြတော့ လွှတ်တော်ကလည်း ခွင့်ပြုတယ်။ အဲ့ဒီမှာ ကျန်းမာရေးဘတ်ဂျက် ဆိုရင် ဘတ်ဂျက်တိုးလို့ ဆေးတွေအများကြီး တိုးဝယ်လိုက်တာမျိုးတွေ ရှိလာရော။ ဘတ်ဂျက်တိုးရတော့ ဆေးကုမ္ပဏီတွေကဆီကနေ ဆေးတွေအများကြီး ပိုမှာ မလိုတဲ့ဆေးတွေ ပုံနေဆိုတာမျိုး ဖြစ်ခဲ့တယ်။ ဘတ်ဂျက်တိုးပေမယ့် ထိရောက်သင့်သလောက် မထိရောက်ဘူးပေါ့လေ။ အခုလည်း ပညာရေးဘတ်ဂျက် တိုးတောင်းမယ်ဆိုရင် အောက်ခြေမှာ တကယ်အသုံးလိုတဲ့ဟာနဲ့ မကိုက်ရင် အလေအလွင့်တွေ ဖြစ်မှာစိုးရတယ်။ နောက်တစ်ခုက လွှတ်တော်အနေနဲ့ အစိုးရ တင်လာတဲ့ ဘတ်ဂျက်ကို ဖြတ်တောက်လျှော့ချတာ မလုပ်ဘဲ စိစစ်ရုံလောက်ပဲ လုပ်ဖို့ပြောထားတယ်လို့လည်း ကြားတယ်။ ဒါဆိုရင် အလေအလွင့်တွေ များလိမ့်မယ်။ ဝန်ကြီးဌာနတွေရဲ့ နဂိုမူလကိုက လွှတ်တော်တင်ရင် ဘတ်ဂျက်က ရာခိုင်နှုန်းတစ်ခု ဖြတ်ခံရမှာပဲလို့ ကြိုတွက်ပြီး ပိုပိုသာသာ တင်လေ့ရှိတယ်။ အဲ့ဒါကို မဖြတ်ရင် အလေအလွင့် ဖြစ်နိုင်တယ်။ ရန်ကုန်မှာဆို ဘတ်ဂျက်ကို တိုင်းလွှတ်တော်က တော်တော် ဝေဖန်လိုက်သေးတယ်လေ။ အဲ့ဒါမျိုးတွေရှိတော့ ပြည်ထောင်စုမှာ ဖြတ်တောက်တာမျိုး မလုပ်နိုင်ရင် အလေအလွင့်တွေ များနိုင်တယ်။ ဖြတ်တောက်တဲ့ နေရာမှာလည်း တကယ့်ကဏ္ဍအလိုက် ကျွမ်းကျင်သူတွေနဲ့ အသေအချာ စိစစ်ပြီးမှသာ ပိုတာတွေ မလိုတာတွေကို လျှော့တာမျိုး ဖြစ်စေချင်တယ်။

Voice : ၂၀၁၇ မှာ လွှတ်တော်အတွက် ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေမလဲ။ အရှိန်ရလာမယ့် လွှတ်တော်ကနေ ဘာတွေမျှော်လင့်လို့ ရနိုင်မလဲ။

UYT : အဓိက စိန်ခေါ်မှုကတော့ ပြည်သူတွေ မျှော်လင့်တဲ့ သန့်ရှင်းတဲ့ အစိုးရတစ်ရပ်ရဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ခု ရရှိဖို့ လွှတ်တော်က အစိုးရအဖွဲ့ဝင် တာဝန်ရှိသူတွေနဲ့ ဘယ်လိုပူးပေါင်းပြီး ဘယ်လိုဖော်ဆောင်ကြမလဲ နည်းနာရှာကြဖို့ ဆိုတာပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီတာဝန်အတွက် အစိုးရအဖွဲ့ ခေါင်းဆောင်လို ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် စိတ်ဝင်တစားနဲ့ ပူးပေါင်းပါဝင်ဖို့ အရေးကြီးပါတယ်။      

နော်ကိုကို

ABOUT AUTHOR

(နော်ကိုကို)