News

POST TYPE

LATEST NEWS POST

သတင်းစာဆရာ ကျော်ရင်မြင့် မြို့တော်စည်ပင် ကော်မတီဝင်အဖြစ် ခန့်အပ်ခံရ
05-Jan-2017 tagged as မန္တလေး

မန္တလေး၊ ဇန်န၀ါရီ ၅

တိုင်းဒေသကြီး အစိုးရအဖွဲ့က တိုက်ရိုက်ခန့်အပ်သည့် မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်စာရင်း ထွက် ပေါ်လာခဲ့ပြီဖြစ်ရာ မန္တလေးမြို့ခံ သတင်းစာဆရာ တစ်ဦးဖြစ်သည့် စာရေးဆရာ ကျော်ဆန်းမြင့် (ခ) ကျော်ရင်မြင့်ကို ရွေးချယ်ထည့်သွင်း ခန့်အပ်ခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က တိုက်ရိုက် ခန့်အပ်သည့် ကော်မတီဝင်လောင်းများမှာ ဦးအောင်ကျော်ထွန်း (ဥပဒေ)၊ ဒေါ်မြင့်မြင့်သန်း (အင်ဂျင်နီယာ)၊ ဒေါက်တာ သစ်ဆန်း(ဆရာဝန်)၊ ဦးကျော်ဆန်းမြင့် (ခ) ကျော်ရင်မြင့် (စာရေးဆရာ) နှင့် ဦးရဲမြတ်သူ (အိုင်တီ ပညာရှင်) တို့ဖြစ်သည်။

“အစိုးရက တိုက်ရိုက်ခန့်အပ်တဲ့ ကော်မတီဝင် ငါးဦးနဲ့ ရွေးချယ်တင်မြှောက်ခံရတဲ့ ကော်မတီဝင် ခြောက်ဦးတို့က  ဇန်န၀ါရီလ ၆ ရက် နံနက် ၁၀ နာရီခွဲ အချိန်မှာ ကျမ်းသစ္စာ ကျိန်ဆိုကြမယ်”ဟု မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် သတင်းစာဆရာ တစ်ဦး ရွေးချယ်ခံရသည်မှာ ကောင်းမွန်သည့် အပြောင်းအလဲဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်တွင် သတင်းစာဆရာများ  ရွေးချယ်ခံရခြင်း မရှိခဲ့ဖူးကြောင်း၊ သတင်းစာ ဆရာတစ်ဦး ကော်မတီဝင် ဖြစ်နေခြင်းကြောင့် ထောင့်မျိုးစုံမှ စီမံခန့်ခွဲနိုင်မည်ဟု  ယုံကြည်ကြောင်း မန္တလေးမြို့ခံ သတင်းစာဆရာ၊ စာရေးဆရာကြီး ဆရာဆူးငှက်က မှတ်ချက်ပြုသည်။

မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်ကို ဇန်န၀ါရီလ ၅ ရက်နေ့ ညနေ ၆ နာရီ ခွဲခန့်မှသာ သိရကြောင်း မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာ လုပ်ငန်းရှင်အသင်း နာယက ဦးရဲမြတ်သူက ပြောကြားသည်။

“စည်ပင်က ညနေ ၆ နာရီကျော်လောက်မှ ဖုန်းဆက်တာ။ မနက်ဖြန် (ဇန်န၀ါရီလ ၆ ရက်နေ့) မနက် ၁၀ နာရီခွဲမှာ ကျမ်းကျိန်ရမယ်ဆိုပြီး အကြောင်း ကြားလာတာဗျ”ဟု ၎င်းက ပြောဆိုသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ရွေးကောက်ပွဲကို စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ်ခြောက်ခု၌ စက်တင်ဘာ ၂၅ ရက်နေ့က ကျင်းပခဲ့ပြီးရာ အောင်မြေသာစံမြို့နယ်မှ ဦးခိုင်မြင့်၊ ချမ်းအေးသာစံမြို့နယ်မှ ဦးကျော်ဇေယျ၊ မဟာအောင်မြေမြို့နယ်မှ ဦးကျော်ဇောအောင်၊ ချမ်းမြသာစည် မြို့နယ်မှ ဦးဇော်မျိုးလွင်၊ ပြည်ကြီးတံခွန် မြို့နယ်မှ ဦးစောဟန်၊ အမရပူရမြို့နယ်မှ ဦးရဲမွန်တို့ ရွေးချယ် တင်မြှောက်ခံရကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။ 

M-03