POST TYPE

LATEST NEWS POST

ခရစ္စမတ်နေ့ ညလုံခြုံရေး တစ်ခရိုင်လုံးမှ ရဲတပ်ဖွဲ့အင်အား ထက်ဝက်ကျော် သုံးမည်
မန္တလေး၊ ဒီဇင်ဘာ ၂၄

ခရစ်ယာန် ဘာသာဝင်များ၏ နေ့ထူး နေ့မြတ် တစ်ခုဖြစ်သော ခရစ္စမတ်နေ့ (ဒီဇင်ဘာလ ၂၅ ရက်နေ့) ညပိုင်းတွင် မန္တလေး ခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင် အင်အား၏ ထက်ဝက်ကျော်ဖြင့် လုံခြုံရေး ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ခရစ္စမတ်ညတွင် မြို့တော် လုံခြုံရေးနှင့် မူးယစ် ရမ်းကားသူများကြောင့် ပြဿနာ ဖြစ်ပွားမှုကို ထိန်းချုပ် တားဆီးနိုင်ရေး လုံခြုံရေး အင်အား တိုးမြှင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိန်ထွန်းက The Voice သို့ ပြောကြားသည်။

“မူးယစ်ရမ်းကားသူတွေကြောင့် ခိုက်ရန် ဖြစ်ပွားခြင်းတွေ မဖြစ်ဖို့နဲ့ လုံခြုံရေးအရ ကြိုတင် ကာကွယ်နိုင်ဖို့ ခရစ္စမတ် ညမှာ ရှိသမျှ အင်အားရဲ့ ထက်ဝက်ကျော် အသုံးပြုသွားမှာပါ၊ တိုင်းအကူ တပ်ခွဲတွေ၊ ခရိုင်အကူ တပ်ခွဲတွေ အပါအဝင် လိုအပ်ရင် ရဲတပ်ရင်းက အင်အားတွေကိုပါ ထုတ်နုတ် အသုံးပြုသွားမှာပါ”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ ညတွင် အရက်သေစာ သောက်စား ပျော်ပါးခြင်းများ ရှိသောကြောင့် ယာဉ်တိုက်မှုနှင့် ခိုက်ရန် ဖြစ်ပွားခြင်းများ ရှိတတ်ပြီး ယာဉ်ကြော ပိတ်ဆို့မှုများ ရှိသောကြောင့် ယင်းသို့သော ပြဿနာများ မဖြစ်စေရေးအတွက် လူစည်ကားရာ နေရာများတွင် လုံခြုံရေး အင်အား ပိုမို ချထားမည်ဖြစ်ကြောင်းလည်း ဒုရဲမှူးကြီးက ထပ်လောင်း ပြောကြားသည်။

“ခရစ္စမတ်ညဆိုတာ လူငယ် အများစု ပျော်ပါးတဲ့ညဖြစ်တော့ သောက်စားမူးယစ်တာလည်း အနည်းနဲ့ အများ ရှိကြတာပါပဲ၊ အဲဒီလို သောက်ကြ စားကြမယ်ဆိုရင်တောင် ပြဿနာ မဖြစ်အောင် သတိလေးနဲ့ ပျော်တတ်ဖို့ လိုပါတယ်”ဟု မဟာအောင်မြေမြို့နယ် မဟာမြိုင် ၃ ရပ်ကွက်မှ အသက် ၃၀ ခန့်အရွယ် အမျိုးသား တစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ (နှစ်သစ်ကူးနေ့) ညတွင်လည်း ခရစ္စမတ်နေ့ ညထက် လုံခြုံရေး အင်အား ပိုမိုတိုးမြှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

M-04