POST TYPE

LATEST NEWS POST

ပန်းချီကား ရောင်းရငွေများကို မိဘမဲ့ ကလေးကျောင်းများသို့ လှူဒါန်းမည်

မန္တလေး၊ ဒီဇင်ဘာ ၂၄

မန္တလေးမြို့ မန္တလေးတောင် ပန်းချီ ပြခန်း၌ ဒီဇင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ကာလာကင်ဆာဟု အမည်ပေးထားသောပန်းချီနှင့် ကဗျာ+ပန်းချီ အနုပညာပြပွဲကို ပထမဆုံးအကြိမ် ပြသလျက်ရှိရာ ပန်းချီကားရောင်းရ ငွေများကို မိဘမဲ့ ကလေးကျောင်းများသို့ လှူဒါန်းမည် ဖြစ်ကြောင်း တစ်ကိုယ်တော် ပန်းချီပြပွဲ ပြုလုပ်သည့် ပန်းချီဆရာမငယ်က The Voice သို့ ပြောကြားသည်။

ပန်းချီကားကို ၂ဝ၁၅ ခုနှစ်က စတင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး မွေးနေ့အထိမ်းအမှတ် အနေနှင့် တစ်ကိုယ်တော်ပြပွဲ ပြုလုပ်ခြင်းဖြစ်ကာ ပန်းချီကား ၆၅ ကား ပြသထားကြောင်း ၎င်းက ပြောဆိုသည်။

မန္တလေးတောင်ပန်းချီပြခန်း၌ ပြသထားသော ပန်းချီကားများအနက် အနိမ့်ဆုံးတန်ဖိုးမှာ ကျပ်သုံးသောင်းဖြစ်ပြီး အမြင့်ဆုံးဈေးအနေနှင့် ကျပ် ၁၁ဝ,ဝဝဝ ဖြင့် ရောင်းချမည်ဖြစ်သည်။

မန္တလေးတောင် ပန်းချီပြခန်း၌ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် ပြပွဲများစီစဉ်ထားရာ New Year-New Mens Show ကို ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်နေ့၊ ပန်းချီလှထွန်း တစ်ကိုယ်တော် ပန်းချီပြပွဲ ကို ဒီဇင်ဘာ ၇ ရက်မှ ၁၁ ရက်နေ့အထိ၊ ပန်းချီပြည်ကျော်ဟန်၏ တစ်ကိုယ်တော် ပန်းချီပြပွဲကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ရက်နေ့အထိ၊ အမျိုးသမီး ပန်းချီဆရာမများ စုပေါင်းပန်းချီပြပွဲကို ဒီဇင်ဘာလ ၂၁ ရက်မှ ၂၅ ရက်နေ့အထိ ပြသမည် ဖြစ်ကြောင်း ယင်းပြခန်းထံမှ သိရသည်။ 

M-01