POST TYPE

LATEST NEWS POST

သီပေါမင်း အနွယ်တော်များ အများပိုင် ကုမ္ပဏီ ထူထောင်မည်

ပုံစာ - နိုဝင်ဘာလ ၂၂ ရက်နေ့က သီပေါမင်း နတ်သက်စံ နှစ်တစ်ရာပြည့်အကြို ဆွမ်းကပ်ခြင်းကို မန္တလေးနန်းတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်တွင် ပြုလုပ်ခဲ့သည်ကို မြင်တွေ့ရစဉ်။

မန္တလေး၊ ဒီဇင်ဘာ ၁၉

ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးဖြစ်သော သီပေါမင်း၏ အနွယ်တော်များ ဦးဆောင်၍ အများပြည်သူ ပါဝင်နိုင်မည့် အများပိုင် ကုမ္ပဏီ တစ်ခုကို ၂ဝ၁၇ ခုနှစ်အတွင်း တည်ထောင်မည် ဖြစ်ကြောင်း သီပေါမင်း၏ အနွယ်တော်များထံမှ သိရသည်။

အများပိုင် ကုမ္ပဏီ တည်ထောင်နိုင်ရေးအတွက် အနွယ်တော်များ တွေ့ဆုံ ဆွေးနွေးလျက် ရှိကြောင်း၊ နိုင်ငံရေး ကိစ္စရပ်များတွင် ပါဝင်ပတ်သက်မည် မဟုတ်ဘဲ အများအကျိုးနှင့် သက်ဆိုင်သည့် လုပ်ငန်းသာ လုပ်ဆောင်မည်ဖြစ်ပြီး အကျိုးအမြတ်များကို လိုအပ်နေသည့် နေရာများတွင် လှူဒါန်းသွားရန် စီစဉ်ထားကြောင်း သီပေါမင်း၏ တီတော်စပ်သူ ဦးကျော်သီဟက ပြောကြားသည်။

“အများအကျိုးအတွက် နိုင်ငံရေး မပါဘဲ လုပ်ဆောင်နိုင်ဖို့ စဉ်းစားတယ်ပေါ့။ ကိုယ်တို့ အနွယ်တော်တွေ အနေနဲ့ တိုင်းပြည်အပေါ်မှာ ဘာလုပ်ပေးနိုင်မလဲ၊  ပြည်သူပြည်သားတွေအတွက် ဘာတွေ လုပ်ပေးနိုင်မလဲ ဆွေးနွေးနေတယ်။ စိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ထားတယ်”ဟု ၎င်းက ရှင်းပြသည်။

ကုမ္ပဏီ ထူထောင်ပြီးပါက အများပြည်သူ ပါဝင်နိုင်ရေးအတွက် အစုရှယ်ယာများ ခေါ်ယူသွားမည်ဖြစ်ကြောင်း၊ အကျိုးအမြတ်များကို ကျန်းမာရေး၊ ပညာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အသုံးပြုသွားမည်ဖြစ်ကြောင်း အနွယ်တော်များထံမှ သိရသည်။

သီပေါမင်း၏ အနွယ်တော်များ ဦးဆောင်မည့် အများပိုင် ကုမ္ပဏီ ထူထောင်ရန် စီစဉ်နေခြင်းမှာ ကောင်းမွန်သည့် အစီအစဉ် တစ်ခုဖြစ်ကြောင်း၊ အကျိုးအမြတ်များကိုလည်း ပြည်သူများအကျိုး၊ ပရဟိတ အကျိုးများတွင် ထိရောက်စွာ အသုံးပြုရန်လိုကြောင်း မင်းတုန်းမင်း၏ တီတော်စပ်သူ ဒေါ်ထိပ်တင်နှင်းက ပြောကြားသည်။

“ပြည်သူတွေရဲ့ ပရဟိတ လုပ်ငန်းတွေမှာ ထိရောက်စွာ အကျိုးပြုနိုင်ဖို့ လိုတယ်။ တစ်ချို့ နေရာတွေမှာ လိုအပ်ချက်တွေ ရှိနေတယ်။ အချို့ နေရာတွေမှာက အလှူရှင်တွေ အရမ်း များနေတယ်ပေါ့။ အလှူရှင် လုံးဝ မရှိတဲ့နေရာတွေလည်း ရှိနေတယ်။ အဲဒီလို နေရာတွေမှာ လှူစေချင်တယ်”ဟု ပျဉ်မနား မင်းသားကြီး ထရံဂံ ထိပ်ခေါင်တင်နှင့် စကုထိပ်တင်ဘူတို့၏  မြစ်တော်စပ်သူလည်းဖြစ်သည့် ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့က အိန္ဒိယနိုင်ငံ၊ ရတနာဂီရိမြို့ရှိ သီပေါမင်း၏ အုတ်နန်း ပြဿဒ်ဆောင်၌ သီပေါမင်း နတ်ရွာစံသက် နှစ် ၁ဝဝ ပြည့် အလှူကို အနွယ်တော်များ ကျင်းပခဲ့ရာ ယင်းအခမ်းအနားသို့ နိုင်ငံတော် ဒုတိယ သမ္မတ ဦးမြင့်ဆွေ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တက်ရောက်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားသည်။    

M-05