News

POST TYPE

LATEST NEWS POST

ဖမ်းဆီးခြင်းခံရသူများမှ အကူအညီတောင်းခံလာပါက အလေးအနက်ထား ကူညီပေးရန် ရှေ့နေ၊ ဥပဒေပညာရှင်များကို ပန်ကြား
13-Feb-2021
ဖမ်းဆီးခြင်းခံရသူများမှ အကူအညီတောင်းခံလာပါက အလေးအနက်ထား ကူညီပေးရန် ရှေ့နေ၊ ဥပဒေပညာရှင်များကို ပန်ကြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

စစ်အာဏာသိမ်းအစိုးရ၏ ဖမ်းဆီးခြင်းခံရသူများမှ အကူအညီတောင်းခံလာပါက အလေးအနက်ထား ကူညီပေး သွားရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရှေ့နေများ၊ ဥပဒေပညာရှင်များကို လေးစားစွာမေတ္တာရပ်ခံပန်ကြားကြောင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီသည် ဥပဒေပညာရှင်အချို့၏ ပူးပေါင်းကူညီဆောင်ရွက်ခြင်းဖြင့် ဥပဒေမဲ့ဖမ်းဆီးသူများကို ဥပဒေအရ အရေးယူနိုင်ရန် ရဲစခန်းတွင် အမှုဖွင့်ခြင်း၊ တရားရုံးတွင် ဦးတိုက်လျှောက်ထားခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း ယင်းကော်မတီကဆိုသည်။

သို့ဖြစ်ပါ၍ ဥပဒေမဲ့ဖမ်းဆီးခံရသူမှုများနှင့်ပတ်သက်၍ ဥပဒေကိစ္စရပ်များဆောင်ရွက်ရန် သက်ဆိုင်ရာပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ၊ ကာယကံရှင် မိသားစုဝင်များကဖြစ်စေ၊ နိုင်ငံသားတစ်ဦးဦးကဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ အကူအညီတောင်းခံလာပါက ပြည်သူ့ဘက်မှ ရပ်တည်လျက် အလေးအနက် ဂရုပြုကူညီဆောင်ရွက်ပေးပါရန် လေးနက်စွာ မေတ္တာရပ်ခံပန်ကြားပါသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ အပါအဝင် လွှတ်တော်အကြီးအကဲများအား ဥပဒေမဲ့ မတရားဖမ်းဆီး ထိန်းသိမ်းထားသည်မှာ ၁၀ ရက်ကျော်ကြာ ခဲ့ပြီဖြစ်၍ ရာဇသတ်ကျင့်ထုံး၊ ဥပဒေများနှင့်အညီ တရားစွဲဆိုသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီက ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ကစတင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူလူထုကရွေးကောက်တင် မြှောက်ထားသော NLD ပါတီအစိုးရကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းကာ အရေးပေါ်ကာလတစ်နှစ်အဖြင့် ကြေညာ၍ နိုင်ငံတော်အာဏာကို တပ်မတော်က သိမ်းယူခဲ့သည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များ၊ ဝန်ကြီးများကို ဖမ်းဆီးထိန်းသိမ်းထားအပြင် ယခုအခါ CDM လှုပ်ရှားမှုတွင်ပါဝင်သည့် နိုင်ငံဝန်များကိုပါ လိုက်လံဖမ်းဆီးမှုများရှိနေသည်။

နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အပြည့်အဝခံစားခွင့်ရှိကြောင်း နိုင်/လွတ်/လုံ ဥပဒေပုဒ်မ (၃)တွင်ပြဋ္ဌာန်းထားသည်။

နိုင်/လွတ်/လုံ ဥပဒေ ပုဒ်မ ၅ (ခ)တွင် ပုဂ္ဂိုလ်တစ်ဦးဦး၏ နေအိမ်နှင့် နေအိမ်အဖြစ်အသုံးပြုသော အခန်း၊ အဆောက်အအုံ သို့မဟုတ် ပရဝဏ်နှင့် ပရဝဏ်အတွင်းရှိ အဆောက်အအုံများအတွင်းသို့ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ သက်ဆိုင်ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးဖြစ်စေ၊ ကျေးရွာတာဝန်ခံ သို့မဟုတ် ရာအိမ်မှူးဖြစ်စေ၊ ဆယ်အိမ်မှူးဖြစ်စေ တစ်ဦးဦးအပါအဝင် အနည်းဆုံးသက်သေနှစ်ဦးနှင့်အတူ ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

မည်သူမှ တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် သို့မဟုတ် ဝရမ်း တစ်စုံတစ်ရာမရှိပဲဖြစ်စေ၊ နိုင်ငံတော် သမ္မတ သို့မဟုတ် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်မရှိပဲဖြစ်စေ ဖမ်းဆီးခြင်း၊ စုံစမ်းခြင်း၊ တစ်နည်းနည်းဖြင့် အနှောက်အယှက်ပေးခြင်း မပြုရဟု နိုင်/လွတ်/လုံ ဥပဒေပုဒ်မ ၈ တွင်ပြဋ္ဌာန်းထားသည်။

S -08