News

POST TYPE

LATEST NEWS POST

မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပပေးရန် ယူကေနှင့် အီးယူ ပန်ကြား
09-Feb-2021
ရန်ကုန်၊ ဖေဖော်ဝါရီ ၉

တပ်မတော်က အာဏာသိမ်းပြီးနောက် မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေးတစ်ရပ်ကို ကြာသပတေးနေ့ (မြန်မာစံတော်ချိန် သောကြာနေ့)မှာ ခေါ်ယူကျင်းပပေးဖို့ ယူကေနှင့် အီးယူ တို့က ဖေဖော်ဝါရီလ ၈ ရက်နေ့က ပန်ကြားလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးထံမှ သိရသည်။

"မြန်မာတပ်မတော်ရဲ့ အာဏာသိမ်းမှုနဲ့ ရွေးချယ်တင်မြှောက်ခံနိုင်ငံရေးသမားတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်အချို့ကို မတရားဖမ်းဆီးမှုတွေအပေါ် ကျွန်တော်တို့ ယူကေအစိုးရအနေနဲ့ ကန့်ကွက်ရှုတ်ချပါတယ်" ဟု ယူကေ နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရပ်ဘ်က ဆိုသည်။

လက်ရှိတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်မှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်နေကြခြင်းဖြစ်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ဆန္ဒထုတ်ဖော်သူများကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မီးသတ်ပိုက်ဖြင့် လူစုခွဲခြင်းများ ပြုလုပ်လာခြင်းဖြစ်သည်။

"နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားသော ရွေးချယ်တင်မြှောက်ခံ အရာရှိပုဂ္ဂိုလ်တွေကို ဖမ်းဆီးထိန်းသိမ်းထားခြင်းနဲ့ တရားစွဲဆိုထားခြင်းတို့ကို ကျွန်တော်တို့ ကန့်ကွက်ရှုတ်ချပါတယ်။ ၎င်းတို့ကို အမြန်ဆုံးလွှတ်ပေးပြီး စွဲချက်တင်ထားတာတွေကို ဖယ်ရှားပေးစေလိုပါတယ်။ နောက်ပြန်ဆုတ်တဲ့ဒီမိုကရေစီကို လက်မခံနိုင်ပါ။ နောက်ထပ်ဆောင်ရွက်ရမယ့် ခြေလှမ်းများအတွက် နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းတွေနဲ့အတူ ယူကေနိုင်ငံက ဆွေးနွေးတိုင်ပင်လျက်ရှိပါတယ်"ဟု ယူကေနိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရပ်ဘ် က ဆက်လက်ပြောကြားသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်မှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူအင်အား သိန်းနှင့်ချီ၍ ဆန္ဒထုတ်ဖော်နေကြခြင်းဖြစ်သည်။                

S-07