News

POST TYPE

LATEST NEWS POST

မန္တလေးမြို့တော်ဝန်အဖြစ်မှ နုတ်ထွက်ထားသူ ဒေါက်တာရဲလွင် ပြန်လည်ဖမ်းဆီးခံရ
09-Feb-2021
မန္တလေး၊ ဖေဖော်ဝါရီ ၉

မန္တလေးမြို့တော်ဝန်အဖြစ်မှ နုတ်ထွက်ထားသူ ဒေါက်တာရဲလွင်နှင့် စည်ပင်သာယာရေးကော်မတီဝင်အချို့ ပြန်လည်ဖမ်းဆီးခံထားရကြောင်း မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သိရသည်။

ဒေါက်တာရဲလွင်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်အစောပိုင်းက ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးက ပြောကြားသည်။

ထို့အပြင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်အဖြစ်မှ နုတ်ထွက်ထားသည့် ဦးကျော်ဇေယျမှာလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့ ညသန်းခေါင် ၁၂ နာရီအချိန်က ဖမ်းဆီးခံခဲ့ရသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် စည်ပင်သာယာရေးကော်မတီဝင် ကိုကျော်ဇေယျကို ည ၁၂ နာရီတိတိအချိန်တွင် အိမ်တံခါးလာခေါက်ပြီး စစ်သား ၂၅ ဦး ခန့်က မေးစရာရှိသည်ဟုဆိုကာ ခေါ်သွားခြင်း ဖြစ်သည်ဟု ၎င်း၏မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောဆိုသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်ဟောင်း ဦးကျော်ဇေယျသည် ဖေဖော်ဝါရီလ ၂ ရက်နေ့က နုတ်ထွက်စာတင်၍ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်သည် ဖေဖော်ဝါရီလ ၅ ရက်နေ့၊  ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်ထက်ဝက်ခန့်သည် ဖေဖော်ဝါရီလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ကော်မတီဝင်အဖြစ်မှ နုတ်ထွက်ခဲ့ပြီးဖြစ်သည်။

S-02