News

POST TYPE

LATEST NEWS POST

ဆန္ဒပြသူများကို အကြမ်းဖက်မဖြိုခွင်းရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ထုတ်ပြန်
09-Feb-2021
ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မြို့နယ်အသီးသီးတွင် ဖြစ်ပေါ်လျက်ရှိသော အကြမ်းမဖက် ငြိမ်းချမ်းစွာဆန္ဒပြလှုပ်ရှားမှုများကို အကြမ်းဖက်တုံ့ပြန်ခြင်း မပြုလုပ်ရန်နှင့် မြန်မာနိုင်ငံရဲတပ်အဖွဲ့အပါအဝင် တာဝန်ရှိသူများအနေဖြင့် နိုင်ငံသားများ၏ မူလအခွင့်အရေး နှင့် ရပိုင်ခွင့်များ၊ လွတ်လပ်စွာ ကျင့်သုံးခွင့်ကို အကာအကွယ်ပေးရန် တောင်းဆိုကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၉ ရက်နေ့စွဲဖြင့် ထုတ်ပြန်တောင်းဆိုထားသည်။

နိုင်ငံသားများ၏ ငြိမ်းချမ်းစွာဖြင့် မတရားသည့် အမိန့်အာဏာဖီဆန်ရေး လှုပ်ရှားမှုသည် 'နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်သည်' ဆိုသည့်အတိုင်း အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သော ပြည်သူများက ၎င်းတို့၏ အခွင့်အရေးကို ကာကွယ်သည့် လုပ်ဆောင်ချက်ဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ခိုင်ခိုင်မာမာယုံကြည်သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တရားမဝင်အာဏာသိမ်း အစိုးရလက်အောက်တွင် ဌာနအသီးသီးမှ ပြည်သူ့ဝန်ထမ်းများ အလုပ်မထွက်၊ ရုံးမတက်ဘဲ Civil Disobedience Movement တွင် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းကြောင်း၊ ယင်းလှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် ပြည်သူ့ဝန်ထမ်းများ၏ နေရေး၊ စားရေး အခက်အခဲများကို ကူညီဖြေရှင်းရန် အဖွဲ့အစည်းအသီးသီးဖြင့် ချိတ်ဆက်ကူညီသွားမည်ဖြစ်ကြောင်း ယင်းကော်မတီက ဆိုသည်။

ပြည်သူများ၏ အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများအား ထောက်ခံကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော ဝန်ထမ်းများအား ခြိမ်းခြောက်ခြင်း၊ အရေးယူထုတ်ပယ်ခြင်းများ မပြုလုပ်ရန်၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော ပြည်သူများအား အင်အားသုံး ဖြေရှင်းခြင်းမပြုလုပ်ရန် တောင်းဆိုကြောင်း၊ ဖမ်းဆီးအရေးယူခံရသူများအား အခမဲ့ ဥပဒေအကျိုးဆောင်ခြင်းဖြင့် ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြည်သူ့ပါတီကလည်း ဖေဖော်ဝါရီလ ၉ ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။

နေပြည်တော်တွင် ဖေဖော်ဝါရီလ ၈ နေ့က စတင်ပြီး ဆန္ဒထုတ်ဖော်သူများကို ရေပိုက်ဖြင့်ထိုးကာ လူစုခွဲခြင်းရှိခဲ့ပြီး ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရေပိုက်ဖြင့်ထိုးခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ဖြိုခွဲခြင်းကြောင့် ဒဏ်ရာရရှိသူများ ရှိနေပြီး သေနတ်ထိမှန်မှုကြောင့် နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

S-08