News

POST TYPE

LATEST NEWS POST

နာမည်ကျော် ရုပ်သံအင်တာဗျူး စီစဉ်တင်ဆက်သူ လယ်ရီကင်း အသက် ၈၇ နှစ်အရွယ်တွင် ကွယ်လွန်
24-Jan-2021


နယူးယောက်၊ ဇန်နဝါရီ ၂၄ 

နာမည်ကျော် ရုပ်သံဂျာနယ်လစ်နှင့် ရုပ်သံဆွေးနွေးမေးမြန်းပွဲများ ဦးစီးလုပ်ကိုင်သူဖြစ်သော လယ်ရီကင်းသည် အသက် ၈၇ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

လယ်ရီကင်းသည် နိုင်ငံရေးသမားကြီးများ၊ ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ နှင့် ရုပ်သံအင်တာဗျူးများနှင့် ဆွေးနွေးခန်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ၎င်းကို နာမည်ကြီး ရုပ်သံဂျာနယ်လစ်အဖြစ် ကမ္ဘာတစ်ဝန်းလူသိများခဲ့သည်။ 

လယ်ရီကင်းသည် ဆယ်စုနှစ်ခြောက်ခုတာကာလအတွင်း အင်တာဗျူးပေါင်း ၅၀,ဝဝဝ သောင်းခန့်ပြုလုပ်ခဲ့ပြီး အမေရိကန်အခြေစိုက် CNN ရုပ်သံသတင်းဌာန၏ Talk Show အစီအစဉ်တွင် ဦးဆောင်ဆွေးနွေးမေးမြန်းသူအဖြစ် နှစ်ပေါင်း ၂၅ နှစ်တိတိ လုပ်ကိုင်ခဲ့သည်။ 

၎င်းကိုယ်တိုင် တည်ထောင်ထားသည့် မီဒီယာထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Ora Media ၏ သတင်းထုတ်ပြန်ချက်အရ လယ်ရီကင်းသည် လော့စ်အင်ဂျလိဒ်စ်မြို့ရှိ Cedar-Sinai Medical Center ဆေးရုံတွင် ကွယ်လွန်သွားခြင်းဖြစ်သည်။ 

လယ်ရီကင်းသည် ယခုလအစောပိုင်းတွင် COVID-19 ကူးစက်ခံရ၍ ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရကြောင်း အမေရိကန်ပြည်တွင်းမီဒီယာများက ရေးသားဖော်ပြခဲ့ကြသည်။ 

လယ်ရီကင်းသည် ရုပ်သံအင်တာဗျူးများပြုလုပ်ရာတွင် ဘောင်းဘီသိုင်းကြိုးဝတ်ဆင်ပြီး အင်္ကျီလက်ရှည်ကိုအပေါ်သို့ ခေါက်တင်ထားလေ့ရှိခြင်း၊ အကဲဆတ်သည့်အကြောင်းအရာများကို ချက်ကျကျထောက်ပြမေးမြန်းလေ့ရှိခြင်းတို့ကြောင့် နာမည်ကျော် လူသိများခဲ့သည်။ 

သူသည် လတ်တလောနှစ်ကာလများအတွင်း နှလုံးဖောက်ပြန်မှုအပါအဝင် ရောဂါအတော်များများ ဖြစ်ပေါ်ခံစားခဲ့ရသည်။ 

လယ်ရီကင်းသည် အမျိုးသမီး ၇ ဦး နှင့် အိမ်ထောင်ရှစ်ကြိမ်ပြုခဲ့ဖူးပြီး သားသမီးငါးဦး ရှိခဲ့သည်။ သားသမီးနှစ်ဦးမှာ ယမန်နှစ်က သီတင်းပတ်တစ်ပတ်အတွင်း ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့သည်။ 

၎င်းသည် အမေရိကန်သမ္မတ ဂျယ်ရယ်ဖို့ဒ်မှသည် သမ္မတအိုဘားမားအထိ လည်းကောင်း၊ ကမ္ဘာ့ခေါင်းဆောင်ကြီးများ နှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးမေးမြန်းမှု များစွာပြုလုပ်ခဲ့သည်။ 

၎င်းအင်တာဗျူးပြုလုပ်ခဲ့သည့် အခြားသောအထင်ကရပုဂ္ဂိုလ်များတွင် ဒေါက်တာမာတင်လူသာကင်း၊ ဒလိုင်းလားမား၊ နယ်လ်ဆင်မင်ဒဲလားနှင့် လေဒီဂါဂါတို့လည်း ပါဝင်သည်။ 

"လယ်ရီသည် နှစ်ပေါင်း ၆၃ နှစ် တာကာလအတွင်း ရေဒီယို၊ တယ်လီဗီးရှင်း၊ ဒစ်ဂျစ်တယ်မီဒီယာစသည့် ပလက်ဖောင်းမှ တစ်ဆင့် ထောင်ပေါင်းများစွာသော အင်တာဗျူးများ၊ ချီးမြှင့်ပွဲများနှင့် ဆွေးနွေးပွဲများကို ထူးခြားလှပသည့် တင်ဆက်မှုပုံစံဖြင့် ပြုလုပ်သွားခဲ့သူဖြစ်ပါသည်"ဟု Ora Media က ကြေညာချက်ထုတ်ပြန်ထားသည်။ 

F-01