News

POST TYPE

LATEST NEWS POST

နေပြည်တော်တွင်စိုက်ထူမည့် မော်ကွန်းကျောက်တိုင်ကိစ္စ ကြံ့ခိုင်ရေးပါတီက ဦးဆောင်ခြင်းမဟုတ်ကြောင်း ငြင်းဆို
24-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၂၄

နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့မှာ စိုက်ထူမယ့် တိုင်းပြုပြည်ပြုကျောက်တိုင် စိုက်ထူမယ့်ကိစ္စဟာ ကြံ့ခိုင်ရေးပါတီက ဦးဆောင်တာမဟုတ်ဘူးလို့ ပါတီဘက်က ငြင်းဆိုလိုက်ပါတယ်။ 

ကြံ့ခိုင်ရေးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက "နေပြည်တော်မှာ တိုင်းပြုပြည်ပြု မော်ကွန်းကျောက်တိုင် စိုက်ထူမယ့်ကိစ္စ သတင်းစကားတွေ ကြားရတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်တယ်ဆိုပြီး စွပ်စွဲလာတာရှိတယ်။ ကျွန်တော်တို့ပါတီအနေနဲ့ ဦးဆောင်တာမရှိပါဘူး" လို့ ပြောပါတယ်။

တိုင်းပြုပြည်ပြုမော်ကွန်းကျောက်စာတိုင်ကို ဇန်နဝါရီ ၂၈ ရက်နေ့မှာ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ (YDP) က ဦးဆောင်ပြီး အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ စိုက်ထူသွားဖို့ရှိတယ်လို့ YDP ပါတီတွဲဖက်အတွင်းရေးမှူး ဒေါ်မိုးမိုးခိုင်က ပြောပါတယ်။

"အစ်မတို့က ၂၈ ရက်နေ့မှ Zero မိုင်က စထွက်မှာ နေပြည်တော်မှာ အားလုံးပေါ့... လာပြီးဝန်းရံပေးကြမှာပါ" လို့ ဆိုထားပါတယ်။ 

YDP ပါတီက အတွင်းရေးမှူး မိုက်ကယ်ကျော်မြင့်ကတော့ တရားခံပြေးအမှုနဲ့ ရဲတပ်ဖွဲ့က လိုက်ဖမ်းနေပေမယ့် နေပြည်တော်က တိုင်းပြုပြည်ပြုမော်ကွန်းကျောက်တိုင်စိုက်ထူပြီးမှသာ အဖမ်းခံမှာဖြစ်တယ်လို့ ပြောထားပါတယ်။ 

မိုက်ကယ်ကျော်မြင့်ကို ကြံ့ခိုင်ရေးပါတီက ဝှက်ထားပေးတယ်လို့ သတင်းတွေထွက်နေတဲ့အပေါ် ပါတီက ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကို မေးကြည့်တော့ "ပြည်ခိုင်ဖြိုးပါတီက ဥပဒေနဲ့မညီတဲ့ ဘယ်ကိစ္စမှ ဆောင်ရွက်ခြင်းမရှိပါဘူး၊ ဒီလိုပဲ ကျွန်တော်တို့ကို နိုင်ငံရေးအရ ဥပဒေလက်လွတ်စပယ် စွပ်စွဲနေတဲ့သူတွေကိုလည်းပဲ မရမကဖော်ထုတ်သွားပါ့မယ်၊ ဖော်ထုတ်ပြီးတဲ့အခါမှာ ပြင်းထန်တဲ့ဥပဒေများနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မယ်" လို့ ပြောပါတယ်။

တိုင်းပြုပြည်ပြုမော်ကွန်းကျောက်တိုင်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့မှာ စိုက်ထူမယ့်သတင်းတွေ ပျံ့နှံ့ခဲ့ပြီးနောက် ဇန်နဝါရီ ၂၂ ရက်ကတည်းက နေပြည်တော်ကောင်စီဟာ ပြည်ထောင်စု နယ်မြေဖြစ်တဲ့အတွက် နေပြည်တော်မှာလူ ၃၀ ထက်ပိုပြီးစုဝေးရင် တည်ဆဲဥပဒေတွေနဲ့ ထိရောက်စွာ အရေးယူမယ်လို့ ကြေညာခဲ့ပြီး မြို့ဝင်မြို့ ထွက်ဂိတ်တွေမှာလည်း လုံခြုံရေးတိုးမြှင့်ထားပါတယ်။  

အေးချမ်းသူ (VOM)