News

POST TYPE

LATEST NEWS POST

မြန်မာနိုင်ငံသား ငါးသန်းကျော် ပြည်ပတွင် အလုပ်လုပ်ကိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

မြန်မာနိုင်ငံနေ မြန်မာ့လူဦးရေ ၅၁ သန်းကျော် ရှိသည့်အနက် ၁ဝ ရာခိုင်နှုန်းခန့် (ငါးသန်းကျော်) မှာ ပြည်ပတွင် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း ရွှေ့ပြောင်းအလုပ်သမား အဖွဲ့အစည်းများက ခန့်မှန်းလိုက်ကြသည်။

မြန်မာနိုင်ငံမှ ယူအေအီး၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်းနှင့် မလေးရှား နိုင်ငံများသို့ သွားရောက်လုပ်ကိုင်လျက်ရှိရာ အများစုသည် မလေးရှား၊ ထိုင်းနှင့် စင်ကာပူနိုင်ငံများသို့ သွားရောက်လုပ်ကိုင်လျက် ရှိကြောင်း ရွှေ့ပြောင်းအလုပ်သမား အဖွဲ့အစည်းများက ပြောကြားသည်။

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း နာရေးကူညီမှုအသင်းတွင် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့ အခမ်းအနားကို ကျင်းပခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ဆွေးနွေးခဲ့ကြသည်။ 

လက်ရှိတွင် ရွှေ့ပြောင်းလုပ်သား တစ်သန်းခန့် မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်လျက်ရှိပြီး ထိုင်းနိုင်ငံသို့ မြန်မာလုပ်သား လေးသန်းကျော် သွားရောက်လုပ်ကိုင်လျက် ရှိကြောင်း၊ ကိုရီယားနိုင်ငံတွင် မြန်မာနိုင်ငံသား တစ်သောင်းခွဲ၊ ဂျပန်နိုင်ငံတွင် လေးထောင်ခန့် ရှိကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။

ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်ရာတွင် အခြေခံအလုပ်သမားများအတွက် ပညာအရည်အချင်း ကန့်သတ်မှု နည်းပါးခြင်း၊ အလုပ်အကိုင်ရရှိမှု ပိုမိုလွယ်ကူခြင်းတို့ကြောင့် ယင်းသို့ သွားရောက်လုပ်ကိုင်မှု များပြားနေခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများကို ကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများထံမှ သိရသည်။

“ဟိုမှာက တရားမဝင်နဲ့ သွားတဲ့ အလုပ်သမားတွေကို လုပ်ငန်းရှင်တွေက ပိုပြီးခေါ်တာ များတယ်၊ သူတို့အတွက် အလုပ်မရှားဘူး၊ အလုပ်ရှင်တွေက without တွေကို ပိုကြိုက်ကြတယ်” ဟု ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းအဖွဲ့ (FED) Traning Coordinator ဦးဇော်မင်းဦးက ဆိုသည်။

ရွှေပြောင်းသွားရောက် လုပ်ကိုင်ရာတွင် မွန်ပြည်နယ် တနင်္သာရီတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် နေထိုင်သူများ သွားရောက်လုပ်ကိုင်မှု များပြားလျက် ရှိပြီး ထိုင်းနိုင်ငံ၏ ရေလုပ်ငန်းနှင့် ငါးသေတ္တာ၊ ပုစွန်ထုတ်ပိုးမှု လုပ်ငန်းများ၊ အချိုရည်စက်ရုံများအပြင် လျှပ်စစ်ပစ္စည်း ထုတ်ပိုးမှုဆိုင်ရာ လုပ်ငန်းများတွင် လုပ်ကိုင်မှုများ ရှိနေကြောင်း၊ လစဉ်ပျမ်းမျှ ငါးထောင်ကျော်သည် တရားမဝင် လမ်းကြောင်းများဖြင့် သွားရောက်မှု ရှိကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းအဖွဲ့ (FED) ထံမှ သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသို့ အလုပ်သမား စေလွှတ်နေသော ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ၅ဝ ကျော် အထိ ရှိနေပြီး ပျမ်းမျှလစဉ် အလုပ်သမား ခြောက်ထောင်ကျော်မှ တစ်သောင်းခန့်အထိ အလုပ်သမား စေလွှတ်မှုများ ရှိနေကြောင်း အလုပ်သမား ညွန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

အလုပ်သမား၊ လူဝင်မှုနှင့် ပြည်သူအင်အား ဝန်ကြီးဌာန၏ နိုဝင်ဘာလအတွင်း ထုတ်ပြန်ထားသော မြန်မာလုပ်သား စေလွှတ်မှု စာရင်းအရ စုစုပေါင်း ၁၄၈ဝ၃ ဦးရှိပြီး မလေးရှားသို့ ၂၅၆၂ဦး၊ ထိုင်းသို့ ၁၁၇၂ဝ ဦး၊ ဂျပန်သို့ ၃၂၈ဦး၊ ကိုရီးယားသို့ ၉၇ ဦး၊ စင်ကာပူသို့ ၇၅ ဦး၊ ကာတာသို့ ကိုးဦးနှင့် ယူအေအီးသို့ ၁၂ ဦး စေလွှတ်ထားသည်။

J-14