News

POST TYPE

LATEST NEWS POST

မဲရုံစောင့်ဆရာမများ တရားစွဲခံရမှုကို အခြေခံပညာဦးစီးဌာနကကူညီမယ်ဆိုသော်လည်း ထိရောက်သည့်ကူညီမှုမရသေးဟုဆို
24-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၂၄ 

ရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ရင်း တရားစွဲဆိုခံထားရတဲ့ ဆရာ၊ ဆရာမတွေကို အခြေခံပညာဦးစီးဌာနက ဥပဒေကြောင်းအရ ကူညီပေးမယ်လို့ အမိန့်ထုတ်ထားပေမယ့် ထိရောက်တဲ့ ကူညီမှုတော့ ခုချိန်ထိမရရှိသေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။

ဒါ့ကြောင့် တရားရင်ဆိုင်နေရတဲ့ ဆရာ၊ ဆရာမတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်နဲ့ ရှေ့နေများ ကွန်ရက်ကနေ ဥပဒေကြောင်းဆိုင်ရာတွေ၊ တရားရင်ဆိုင်မှုအတွက် သွားလာရေးစရိတ်ကုန်ကျမှုကို အကူအညီပေးနေရတယ်လို့ သိရပါတယ်။

"ကာယကံရှင်ဆီကို ထိရောက်တဲ့အကူအညီ ရောက်မလာဘူး။ စာရွက်ပေါ်ကနေ ကျွန်တော်တို့က ကူညီပေးဖို့ စီစဉ်ထားပါတယ်ဆိုတဲ့ အပေါ်စီးဆန်ဆန် အမိန့်စာပဲရှိတယ်။ ဘယ်နေရာ ဘယ်ဒေသမှာဖြစ်နေတယ်ဆိုတာ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးတွေ ကောင်းကောင်း သိတယ်။ ပျော်ဘွယ်ဆို ရုံးချိန်းငါးချိန်းရှိပြီ၊ ဆရာ၊ ဆရာမတွေဆီ လာမတွေ့ဘူးဗျ၊ ပြောတာပဲရှိတယ်။ အဲဒီတော့ တရားစွဲ ခွင့်ပြုလိုက်တာက သူတို့ကပြုလိုက်တာပဲ ပြီးတော့ကျမှ သူတို့ကဘာမှထိရောက်တဲ့ အကူအညီ မရောက်သေးတာပဲ"လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးဖြစ်သူ ဦးဇော်မျိုးလိူင်က ပြောပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်အနေနဲ့ ချောင်းသာနဲ့ပျော်ဘွယ်တို့က တရားရင်ဆိုင်နေရတဲ့ကိစ္စတွေကို ကူညီဆောင်ရွက်ပေးနေရပြီး မြို့နယ်ပညာရေးမှူး၊ တိုင်းအဆင့်စတဲ့ တာဝန်ရှိသူတွေ တစ်ဦးတစ်ယောက်မှ လာရောက်ကူညီဆောင်ရွက်ပေးတာမျိုး မရှိဘူးလို့ သိရပါတယ်။

အခြေခံပညာဦးစီးဌာနကတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ တာဝန်ပေးအပ်ခံရ တာဝန်ပေးအပ်ခြင်းခံရပြီး သက်ဆိုင်ရာ တရားရုံးတွေမှာ တရားစွဲဆိုခံရကာ အမှုရင်ဆိုင်နေရတဲ့ တိုင်းနဲ့ပြည်နယ်တွေက ဆရာ၊ ဆရာမတွေကို တိုင်းနဲ့ပြည်နယ် ပညာရေးမှူးတွေ၊ ခရိုင်ပညာရေးမှူးတွေနဲ့ မြို့နယ်ပညာရေးမှူးတွေကနေ ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ပေးဖို့ အကြောင်းကြားထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

"မြို့နယ်ရုံးတွေအနေနဲ့ လတ်တလော ကော်မရှင်နဲ့ ဘယ်လိုဖြစ်လဲဆိုတာကို အတိမ်အနက်ကိုကြည့်ပြီးတော့ သက်ဆိုင်ရာမြို့နယ်တို့၊ တိုင်းတို့၊ ခရိုင်တို့ကနေကူညီဆောင်ရွက်ပေးဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်"လို့ အခြေခံပညာရေး ဦးစီးဌာနရုံးချုပ်နေပြည်တော် ညွှန်ကြားရေးမှူး (စီမံ) ဒေါက်တာကျော်ဝင်းစိုးက ပြောပါတယ်။

တရားစွဲဆိုခံထားရပြီး တရားရင်ဆိုင်နေရတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် ပညာရေးမှူးရုံးတွေ၊ ခရိုင်ပညာရေးမှူးရုံးတွေ၊ မြို့နယ်ပညာရေးမှူးရုံးတွေကို အသိပေးအကူအညီတောင်းခံနိုင်တယ်လို့ အခြေခံပညာဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ခုချိန်ထိတော့ အခြေခံပညာဦးစီးဌာနဘက်ကနေ တရားစွဲခံရတဲ့ ဆရာ၊ ဆရာမတွေအပေါ်ထိရောက်တဲ့ကူညီမှု တွေတော့ မရှိသေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ပြောဆိုထားပါတယ်။

ညောင်ဦးမြို့မှာလည်း ရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာမကို ရွေးကောက်ပွဲဥပဒေပုဒ်မနဲ့ အမှုဖွင့်ခံရတဲ့ကိစ္စ ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။ 

သိင်္ဂီထွန်း (VOM)