News

POST TYPE

LATEST NEWS POST

ဗြိတိန်ကိုဗစ်မျိုးကွဲ အသေအပျောက်ပိုများနိုင်ဟု သတိပေး
23-Jan-2021


လန်ဒန်၊ ဇန်နဝါရီ ၂၃

လက်ရှိတွင် တွေ့ရှိထားသော အချက်အလက်သက်သေများကို ကြည့်ရှုသုံးသပ်ခြင်းအားဖြင့် ဗြိတိန်တွင် စတင်တွေ့ရှိခဲ့သော ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသည် အသေအပျောက်ပိုများနိုင်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သတိပေးထုတ်ပြန်ခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။

ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကူးစက် ၍သေဆုံးသူများနှင့် ယခင်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကာ သေဆုံးသူများ စာရင်းကို သင်္ချာပညာရှင်များ နှိုင်းယှဉ်တွက်ချက်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲက ပိုမိုသေဆုံးစေနိုင်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။

အဆိုပါ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသည် ဗြိတိန်တွင် နေရာအနှံ့အပြား ပျံနှံ့လျက်ရှိသည် ဟုသိရသည်။

"လန်ဒန်မှာ စတွေ့ခဲ့တဲ့ ဒီဗိုင်းရပ်စ်မျိုးကွဲနဲ့ ပတ်သက်ပြီး အခုတွေ့ရှိထားတဲ့ သက်သေအထောက်အထားတွေအရ ဒီဗိုင်းရပ်စ်က ကူးစက်မြန်ရုံသာမက သေဆုံးနိုင်ချေ ပိုမိုမြင့်မားနေတာကို တွေ့ရပါတယ်" ဟု ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က အစည်းအဝေးတစ်ခုတွင် ပြောခဲ့သည်။

အင်္ဂလန်ပြည်သူ့ကျန်းမာရေးအဖွဲ့၊ လန်ဒန်အင်ပီရီယယ်ကောလိပ်၊ London School of Hygiene and Tropical
Medicine နှင့် အိတ်ဇက်တာ တက္ကသိုလ်တို့က အဆိုပါကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသည် လူသေဆုံးနိုင်ချေ မည်မျှမြင့်မားကြောင်းကို စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်း ဌာနလေးခုမှ ရရှိလာသော သက်သေအထောက်အထားများကို အသက်ရှုလမ်းကြောင်းဆိုင်ရာ ထွက်ပေါ်လာဆဲဗိုင်းရပ်စ်များနှင့် ဗိုင်းရပ်စ် အသစ်အန္တရာယ်များ အကြံပေးအဖွဲ့ (Nervtag) ရှိ သိပ္ပံပညာရှင်များက ဆက်လက် စစ်ဆေးခဲ့ကြသည်။

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသည် ပိုမိုသေဆုံးစေနိုင်သည် ဆိုသည်မှာ 'အမှန်တကယ် ဖြစ်နိုင်ချေ' ရှိသော်လည်း အတိအကျ သေချာရန်မှာ အများကြီးလိုအပ်သေးကြောင်းကို Nervtag က ထုတ်ပြန်ခဲ့သည်။

ယခင် စုံစမ်းစစ်ဆေးခဲ့မှုများအရ အဆိုပါ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသည် ၃၀ ရာခိုင်နှုန်းနှင့် ၇၀ ရာခိုင်နှုန်းအကြား ပိုမိုမြန်ဆန်စွာ ကူးစက်နိုင်ပြီး ၃၀ ရာခိုင်နှုန်း ပိုမိုသေစေနိုင်သည်ဆိုသော အရိပ် အမြွက်များ ထုတ်ပြန်ထားကြသည်။

ဥပမာအားဖြင့် အသက်ခြောက်ဆယ်အရွယ် လူဦးရေ ၁၀ဝ၀ ခန့် မူလ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရလျှင် ၎င်းတို့ထဲမှ ၁၀ ဦး သေဆုံးနိုင်ပြီး ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကူးစက်ခံထားရပါက ၎င်းတို့ထဲမှ ၁၃ ဦးအထိ သေဆုံးနိုင်သည်။

ယမန်နှစ် စက်တင်ဘာလတွင် ကန့်မြို့တွင် စတင်တွေ့ရှိခဲ့ရသော ကိုရိုနာဗိုင်းရပ်မျိုးကွဲသည် အင်္ဂလန်နှင့် မြောက်အိုင်ယာလန် တို့တွင်လည်း ပျံနှံ့လျက်ရှိပြီး ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၅၀ ကျော်ကိုလည်း ပျံ့နှံ့ခဲ့ပြီးဖြစ်သည်။

Pfizer ကိုဗစ်ကာကွယ်ဆေးနှင့် အောက်စ်ဖို့ဒ်ကိုဗစ်ကာကွယ်ဆေး နှစ်မျိုးလုံးသည် အဆိုပါ ကိုရိုနာဗိုင်းရပ်စ မူကွဲအပေါ် ထိရောက်မှုရှိမည်ဟု မျှော်လင့်ထားကြသည်။

F-05