News

POST TYPE

LATEST NEWS POST

ထရမ့်အပေါ် စွပ်စွဲပြစ်တင်မှု အထက်လွှတ်တော်၌ ကြားနာမည့်အစီအစဉ် ဖေဖော်ဝါရီသို့ရွှေ့ဆိုင်း
23-Jan-2021


ဝါရှင်တန်၊ ဇန်နဝါရီ ၂၃

ဒေါ်နယ်ထရမ့် သမ္မတတာဝန်မှ အနားမယူမီ အောက်လွှတ်တော်က ဒုတိယအကြိမ် စွပ်စွဲပြစ်တင်ထားမှုကို အထက်လွှတ်တော်တွင် ဆက်လက်ကြားနာ စစ်ဆေးရန်ကိစ္စကို ဒီမိုကရက်နှင့် ရီပတ်ဘလီကန်အမတ်များ သဘောတူညီမှုဖြင့် လာမည့်ဖေဖော်ဝါရီလမှစတင်ရန် ရွှေ့ဆိုင်းလိုက်ကြောင်း BBC သတင်းဌာန ကဖော်ပြသည်။

'ဆူပူအုံကြွရန်လှုံ့ဆော်မှု' ဖြင့် ထရမ့်ကို စွဲချက်တင်ကြောင်း ဆုံးဖြတ်ချက်ကို အောက်လွှတ်တော်က အထက်လွှတ်တော်သို့ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် တရားဝင်ပေးပို့မည်ဖြစ်သည်။

ထရမ့်၏ရှေ့နေများက ခုခံချေပရေးပြင်ဆင်နိုင်ရန်အတွက် အချိန်ပေးသည့်အနေဖြင့် ဖေဖော်ဝါရီလ ၈ ရက်နေ့ မတိုင်မီအထိ လျှောက်လဲချက်များ တင်ပြဦးမည်မဟုတ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၆ ရက်နေ့က ကက်ပီတယ်လ် လွှတ်တော်အဆောက်အအုံကို လူရမ်းကားတစ်စုက ဝင်ရောက်စီးနင်းဖျက်စီးခဲ့ပြီး အသေအပျောက်ရှိခဲ့သော ဖြစ်စဉ်မှာ ထိုစဉ်က သမ္မတဖြစ်သော ထရမ့်၏ လှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်ရသည်ဟု ဒီမိုကရက်တစ်ပါတီဝင်အများစုရှိသော အောက်လွှတ်တော်က စွပ်စွဲပြစ်တင်ခဲ့သည်။

ထရမ့်သည် ပြီးခဲ့သောနှစ်ကလည်း ယခုလိုအချိန်၌ပင် အာဏာအလွဲသုံးမှု၊ လွှတ်တော်ကို နှောင့်ယှက်မှုဖြင့် အောက်လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုခံခဲ့ရသည်။ သို့သော်လည်း အပြစ်မရှိဟု ထိုစဉ်ကရီပတ်ဘလီကန်တို့လွှမ်းမိုးသော အထက်လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

စွပ်စွဲပြစ်တင်မှုဆိုသည်မှာ သမ္မတကို ရာထူးမှ ဖြုတ်ချနိုင်သည်အထိ ပြင်းထန်သော လွှတ်တော်၏ အခွင့်အာဏာဖြစ်သည်။ အမေရိကန်ဥပဒေအရ အောက်လွှတ်တော်က သမ္မတကို စွပ်စွဲပြစ်တင်နိုင်ပြီး အောက်လွှတ်တော်အမတ် ထက်ဝက်ကျော်ထောက်ခံလျှင် စွပ်စွဲပြစ်တင်ကြောင်း ဆုံးဖြတ်နိုင်သည်။

ယင်းနောက် အထက်လွှတ်တော်တွင် စွပ်စွဲချက်ကို ကြားနာစစ်ဆေးခြင်း၊ အပြန်အလှန်လျှောက်လဲတင်ပြခြင်းများပြလုပ်ပြီး အထက်လွှတ်တော်အမတ်များက သမ္မတတွင်အပြစ်ရှိ၊ မရှိ မဲခွဲဆုံးဖြတ်ရသည်။ 

အထက်လွှတ်တော်အမတ် သုံးပုံ နှစ်ပုံက သမ္မတတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်မှသာ ရာထူးမှ ဖြုတ်ချနိုင်သည်။ ထရမ့်မှာမူ သမ္မတရာထူးမှ ဆင်းပေးခဲ့ရပြီးဖြစ်ရာ အပြစ်ရှိကြောင်း ဆုံးဖြတ်ပါက အစိုးရရာထူးတာဝန်ထပ်မံထမ်းဆောင် ခွင့်မရှိစေရန် ပိတ်ပင်တားမြစ်ခြင်းသာ ပြုလုပ်နိုင်မည်ဖြစ်သည်။       

F-05