News

POST TYPE

LATEST NEWS POST

ကျောက်ဆည်မြို့မရဲစခန်းရှိ အချုပ်တရားခံ ၁၄ ဦးနှင့်ရဲတစ်ဦးတွင် ကိုဗစ်ပိုးတွေ့
23-Jan-2021


မန္တလေး၊ ဇန်နဝါရီ ၂၃

ကျောက်ဆည်မြို့မရဲစခန်းမှာ ချုပ်ထားတဲ့ အချုပ်တရားခံတွေကို ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းက ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးလိုက်ရာကနေ အချုပ်တရားခံ ၁၄ ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့တယ်လို့ ကျောက်ဆည်မြို့မရဲစခန်းကနေ သိရပါတယ်။

"လောလောဆယ်တော့ ၁၅ ဦးတွေ့ပါတယ်၊ ဘယ်သူကနေကူးမှန်းတော့ မသိသေးဘူး၊ အချုပ်တရားခံတွေကိုတော့ ကျောက်ဆည်မြို့နယ်ထဲမှာရှိတဲ့ ရဲကင်းစခန်းတွေမှာ သီးခြားချုပ်ထားတယ်၊ ရဲတပ်ဖွဲ့ဝင်ကိုတော့ ဆေးရုံပို့ထားပါတယ်" လို့ ကျောက်ဆည်မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကျောက်ဆည်မြို့မရဲစခန်းမှာ ပြစ်မှုအမျိုးမျိုးနဲ့ ချုပ်ထားတဲ့ အချုပ်တရားခံ ၁၁ ဦးကို အိုးဘိုထောင်ကို ပို့လိုက်ချိန် ထောင်ကနေ ကိုဗစ်ပိုးရှိ၊ မရှိ စစ်ဆေးလိုက်ရာ အချုပ်တရားခံနှစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့အတွက် အချုပ်သား ၁၁ ဦးစလုံး ရဲစခန်းကိုပြန်လည်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ 

အဲ့ဒီအချုပ်သား ၁၁ ဦးကို သီးခြားစီထားရှိခဲ့ပြီး လိုက်ပါပို့ဆောင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၇ ဦးကိုလည်း သီးခြားစီထားရှိခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ပိုးတွေ့ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ရဲ့ မိသားစုဝင်နှစ်ဦးကို Quarantine စင်တာ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ 

ကျောက်ဆည်မြို့မရဲစခန်းမှာ အရင်ကလည်း ပိုးတွေ့လူနာတွေ့ရှိခဲ့တဲ့အတွက် Semi Lockdown ချထားခဲ့ပြီး ပြန်ဖြေလျှော့ပေးခဲ့တာဟာ မကြာသေးဘူးလို့လည်း သိရပါတယ်။ 

သက်ထားခင် (VOM)