News

POST TYPE

LATEST NEWS POST

မြေယာမဲ့များအတွက် သံဖြူဇရပ်ဒေသခံသူဌေးတစ်ဦး မြေနေရာပေးလှူ
23-Jan-2021
ပဲခူး၊ ဇန်နဝါရီ ၂၃

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အောင်ဆန်းလမ်းနေ အသက် ၇၀ ကျော်အရွယ် ရော်ဘာလုပ်ငန်းရှင်သူဌေးတစ်ဦးက ၎င်းတို့ဇနီးမောင်နှံပိုင်ဆိုင်သည့်မြေဧက ၈၀ ကို အကွက်ဖော်ထုတ်ပြီး မြေယာပိုင်ဆိုင်ခြင်းမရှိသူများကို ပေးလှူမည်ဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းက ပြောကြားသည်။ 

"စည်းကမ်းချက်အချို့တော့ ရှိတယ်။ အရင်ကအပျို၊ လူပျိုတွေမပေးဘူးဆိုပေမယ့် နောက်ပိုင်းမှ အပျိုလူပျိုလည်း ပေးမယ်။ လာလျှောက်တယ်ဆိုပေမယ့် လျှောက်လွှာတင်တာမျိုး မဟုတ်ပါဘူး။ လာလျှောက်သူက မှတ်ပုံတင်၊ အိမ်ထောင်စုဇယားမိတ္တူနဲ့လာလျှောက်ရင် ဖြတ်ပိုင်းပြန်ပေးလိုက်တာ" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာအုပ်စု ရေတံခွန်ကျေးရွာအနီး သံဖြူဇရပ်-ဘုရားသုံးဆူလမ်းဘေးတွင် ၃၅ ပေ ထ ပေ ၇၀ ရှိ မြေကွက်ပေါင်း ၈၀ဝ ကျော်ဖော်ထုတ်ပြီး လူမျိုးဘာသာမရွေး ပေးလှူသွားမည်ဖြစ်ရာ လျှောက်ထားသူ ၄၀ဝ နီးပါးရှိလာပြီဖြစ်သည်ဟု မြေယာလှူဒါန်းမှုအတွက် စီမံဆောင်ရွက်နေသူအချို့ထံမှ သိရသည်။ 

မြေယာမဲ့များကို လှူဒါန်းပေးသည့် အဆိုပါမြေယာများကို ရော်ဘာလုပ်ငန်းရှင်သူဌေး ဦးခွေးနှင့် ကွယ်လွန်သူ ဇနီးသည် ဒေါ်ယိမ်းတို့ပိုင်ဆိုင်ပြီး ပုံစံ-၇ ကျ ထားပြီးဖြစ်သည့်အပြင် ရွာမြေအဖြစ် စခန်းကြီးကျေးရွာအုပ်စုတွင် ထည့်သွင်းသတ်မှတ်ရန်ပြင်စဉ်နေသည်ဟု မြေယာပေးလှူရန်စီမံခန့်ခွဲရေးလုပ်ဆောင်နေသူ ဒေါက်တာတင့်အောင်စိုးက ရှင်းပြသည်။ 

"အခုလိုလှူဒါန်းဖို့ ပြင်ဆင်နေတာ တစ်နှစ်နီးပါးရှိပြီ။ အဘိုးနဲ့အဘွားမှာ အဘွားဆုံးသွားပါပြီ။ စတင်လျှောက်ထားနိုင်ပြီလို့ကြေညာပြီး နှစ်ရက်ပဲရှိသေးပေမယ့် အစောင် ၄၀ဝ နီးပါးတက်နေပြီ" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

အဆိုပါမြေယာဧက ၈၀ အနက်မှ နှစ်ဧကနီးပါးကို မြေပိုင်ရှင်မိသားစုက စေတီတစ်ဆူတည်ထားပေးသည့်အပြင် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကိုပါ ဆောက်လုပ်လှူဒါန်းပေးထားပြီး ကျန်မြေကို အမှန်တကယ်နေထိုင်သူကိုသာ ပေးလှူမည်ဖြစ်ကြောင်း၊ စည်းကမ်းချက်နှင့်ကိုက်ညီမှုမရှိပါက ပြန်လည်သိမ်းဆည်းကာ လိုအပ်သူများကို ထပ်မံလှူဒါန်းမည်ဟု မြေယာလှူဒါန်းမှုကို စီမံပေး နေသူများထံမှ သိရသည်။ 

သံဖြူဇရပ်ဇာတိဖွား အဘိုးဦးခွေး နှင့် အဘွားဒေါ်ယိမ်းတို့ ဇနီးမောင်နှံသည် ရော်ဘာခြံလုပ်ငန်း၊ မလေးရှားနိုင်ငံ ပီနန်သို့ ကုန်တင်ပို့သည့် စက်လှေလုပ်ငန်းများ လုပ်ကိုင်ခဲ့ကြသူများဖြစ်ကာ ထပ်မံ၍ မြေယာများ ဖော်ထုတ်လှူဒါန်းပေးရန် အစီအစဉ်များရှိနေသည်ဟု ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရှိရသည်။  

R-02