News

POST TYPE

LATEST NEWS POST

သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုဝက်ဘ်ဆိုက်စာမျက်နှာ အွန်လိုင်းမိတ်ဆက်ပွဲပြုလုပ်မည်
22-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၂၁

စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်းများအတွက် အစိမ်းရောင်ဘဏ္ဍာရေးကဏ္ဍအပါအဝင် စိမ်းလန်း၍သန့်ရှင်းသော အလေ့အကျင့်ဆိုင်ရာ သတင်းအချက်အလက်များရယူနိုင်ရန် ရည်ရွယ်၍ပြုစုထားသော အရင်းအမြစ်တစ်ခုဖြစ်သည့် အွန်လိုင်းဝက်ဘ်ဆိုက် မိတ်ဆက်ပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဝက်ဘ်ဆိုက်စာမျက်နှာမိတ်ဆက်ပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ၁ နာရီ ၅၀ မိနစ်အထိ Zoom Link မှတစ်ဆင့် ပြုလုပ်မည်ဖြစ်သည်။

ယင်းမိတ်ဆက်ပွဲသို့ MSME လုပ်ငန်းရှင်များ တက်ရောက်နိုင်ရန် ဖိတ်ကြားထားပြီး ၎င်းမှာ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFPEA) ဝက်ဘ်ဆိုက်ရှိ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုအပိုင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ ဝက်ဘ်ဆိုက်စာမျက်နှာ၏အခန်းကဏ္ဍသည် စိမ်းလန်း၍ သန့်ရှင်းသော ထုတ်လုပ်မှုဆိုင်ရာအလေ့အကျင့်များ၏ အမျိုးမျိုးသောရှုထောင့်များမှ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ကူညီအသိပေးရန် ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု နှင့် သန့်စင်သောကုန်ထုတ်လုပ်မှုအလေ့အကျင့်များသည် စီးပွားရေးလုပ်ငန်းများတွင် ကုန်ကျစရိတ်သက်သာစေရန်၊ ပိုမိုအကျိုးရှိစွာ အသုံးပြုမှုများနှင့် တီထွင်ဆန်းသစ်မှုများဖြစ်လာစေရန်၊ အစိုးရ၏တည်ဆဲဥပဒေများကို လိုက်နာနိုင်စေ ရန်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ မကောင်းသောအကျိုးသက်ရောက်မှုများလျှော့ချနိုင်ရန် ကူညီထောက်ပံ့ပေးကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ထံမှသိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFPEA) ဝက်ဘ်ဆိုက်ရှိ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုအပိုင်းတွင် စီးပွားရေးကဏ္ဍနှင့်ဆိုင်သော သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု အလေ့အကျင့်များ နားလည်သဘောပေါက်စေရန်၊ မည်သို့လိုက်နာကျင့်သုံးဆောင်ရွက်ရန်နှင့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရာတွင်လည်း သင့်တော်သော အကြံပေးပညာရှင်များ ရှာဖွေနိုင်ရန် အထောက်အကူဖြစ်စေသည့် အရင်းအမြစ်နေရာတစ်ခုအဖြစ်ရှိကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု ဝက်ဘ်ဆိုက်စာမျက်နှာကို မြန်မာနိုင်ငံရှိ စားသောက်ကုန်နှင့် အဖျော်ယမကာများ ထုတ်လုပ်သော အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတွင် သန့်ရှင်းသော ထုတ်လုပ်မှုအလေ့အကျင့်များတိုးမြှင့်စေရန် EU SWITCH-Asia အစီအစဉ်အောက်ရှိ သဘာဝစီမံကိန်းမှ ရန်ပုံငွေအထောက်အပံ့ဖြင့် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

S-07