News

POST TYPE

LATEST NEWS POST

စွန်ငှက်အပါအဝင် ကာကွယ်ထားသော ကျေးငှက်တိရစ္ဆာန်များ ရောင်းချသူ သုံးဦးကို ဇီဝမျိုးကွဲကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်
19-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၁၉ 

ရန်ကုန်တိုင်းဒေသြကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တွင် စွန်ငှက်အပါအဝင် ကာကွယ်ထားသော ကျေးငှက်တိရစ္ဆာန်များ ရောင်းချနေသူ သုံးဦးကို အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြာင်း သစ်တောဦးစီးဌာနထံမှသိရသည်။ 

ဇီဝမျိုးစုံကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောက်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၁(က) ဖြင့် အရေးယူမည့် အမျိုးသားသုံးဦးမှာ ထောက်ကြန့်မြို့ လှော်ကား-အင်းစိန် ကားလမ်းဘေးတွင် ကျေးငှက်တိရစ္ဆာန်များကို ရောင်းချနေကြောင်း သတင်းရရှိသဖြင့် အင်းစိန်မြို့နယ် သစ်တောဦးစီးဌာနက သွားရောက်စစ်ဆေးခဲ့သည်။ 

ယင်းသို့စစ်ဆေးရာမှ စွန်တစ်ကောင်၊ သာလိကာခြောက်ကောင်၊ ကြက်တူရွေး ၃၂ ကောင်ကို ရောင်းချနေသည့် အမျိုးသားသုံးဦးကို တွေ့ရှိခဲ့ခြင်းလည်းဖြစ်သည်။ 

အဆိုပါ ကျေးငှက်တိရစ္ဆာန်များမှာ မြန်မာနိုင်ငံတွင် မျိုးဆက်ပျက်သုဉ်းတော့မည့် အန္တရာယ်ရှိနေပြီး ကာကွယ်ထိန်းသိမ်းထားရမည့် တိရစ္ဆာန်များ ဖြစ်ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။ 

ဇီဝမျိုးစုံကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောက်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၁(က)အရ ပြစ်မှုကျူးလွန်သူမှာ ထောင်ဒဏ် သုံးနှစ်မှ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရပြီး ငွေဒဏ်လည်း ချမှတ်ခံရနိုင်သည်။ 

ယင်းပုဒ်မမှာ ကာကွယ်ထိန်းသိမ်းထားသည့် တိရစ္ဆာန်(သို့မဟုတ်)နိုင်ငံတကာ ကုန်သွယ်မှုတွင် ထိန်းချုပ်ထားသော တိရစ္ဆာန်များကို သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားရှိ စုဆောင်းခြင်း၊ ရောင်းချခြင်းတို့အား ကျူးလွန်ပါက အရေးယူခံမည့် ပုဒ်မ ဖြစ်သည်။ 

S-03