News

POST TYPE

LATEST NEWS POST

ရန်ကုန်တိုင်းလွှတ်တော် တတိယအကြိမ် အစည်းအဝေး ဖေဖော်ဝါရီလ ၉ ရက်နေ့ စမည်
18-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက် နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၈ ရက်နေ့စွဲဖြင့် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ရုံးက ထုတ်ပြန်ထား သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၂၊ ပုဒ်မခွဲ(ခ) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၉ တို့အရ တတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီး  ပထမပုံမှန်အစည်းအဝေးကို ရန်ကုန်မြို့၊ ပြည်လမ်းနှင့် အလုံလမ်းထောင့်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပ ရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

"ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ လွှတ်တော်ခေါ်ထားတာတော့ သိတယ်။ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး လက်ရှိအထိ တော့ ဘာမှ ညွှန်ကြားချက်မလာသေးဘူး၊ အခုအစည်းအဝေးမှာတော့ ကျွန်တော်တို့ သိသလောက် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ရွေးမယ်။ နောက်ကော်မတီတွေ ဖွဲ့မယ် ဒီလောက်ပါပဲ၊ ဒါကတော့ စတက်တဲ့ သဘောတရားအရ ဒါပဲလုပ်ဖို့ရှိတယ်။ ဒါပေမဲ့ တစ်ခုတော့ ထင်တာက  RE ဘတ်ဂျက်တော့ မဆွေးနွေးရသေးဘူး။ ဒီ RE ဘတ်ဂျက်ကို အမြန်တင်လာမလား တော့ မပြောတတ်သေးဘူး။ ဒါကလည်း ရွေးချယ်ပွဲပြီးမှ တင်နိုင်မယ်ထင်ပါတယ်။ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေ ပေါ်လာမှ" ဟု လှိုင် မြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အနိုင်ရလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကရင် တိုင်းရင်း သားရေးရာဝန်ကြီး အပါအဝင်  ကိုယ်စား လှယ် ၈၉ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၃၁ ဦး၊ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ၁ ဦးတို့  တက်ရောက်ရမည် ဖြစ်သည်။

"ကိုဗစ်-၁၉ နဲ့ပတ်သက်ရင်တော့ ဆက်တော့စစ်ဆေးရမှာပဲလေ၊ ဘာဖြစ် လို့လဲဆိုတော့ ဒါက အရေးကြီးတာကိုး၊ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်ယူပြီးစစ်တာကတော့ စစ်ရမှာပဲ၊ စစ်ပြီးမှပဲ ရောဂါးပိုး မတွေ့မှ တက်ရမှာပေါ့။ သတင်း မီဒီယာတွေ သတင်းရယူမှုနဲ့ ပတ်သက်ရင် တော့ အရင်တုန်းက တစ်ခေါက်ကျင်းပဖူး တယ်။ အဲဒီတုန်း ကွာရတင်းဝင်ပြီးလုပ်ခဲ့ တာ။ အခုလည်း အဲလိုပဲ ဖြစ်လိမ့်မယ် ထင်တယ်။ မီဒီယာတွေလည်း အဝင်ခံ ချင်မှ ခံမှာပေါ့။ လုပ်လို့ရတာတစ်ခုက တော့ မီဒီယာတွေပါစစ်ပြီးတော့ ဝင်တာ မျိုးတော့ ရနိုင်တာပေါ့။ ဒါကလည်း လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေနဲ့ အစိုးရတွေရဲ့ သဘော ထားပဲလေ၊ ကျွန်တော်တို့ကတော့ ဘာမှ ပြောလို့မရဘူး" ဟု ဦးကျော်ကျော်ထွန်း က ဆိုသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး လွှတ်တော် တတိယအကြိမ် ပထမ ပုံမှန် အစည်းအဝေးသည်လည်း ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် စတင်ကျင်းပမည်ဟု သိရှိရပြီး လွှတ်တော်တက်မည့် ကိုယ်စားလှယ် များအနေဖြင့် ဖေဖော်ဝါရီလ ၈ ရက်နေ့ တွင် သတင်းပို့ရမည်ဖြစ်ကာ ယင်းသတင်း ပို့ချိန်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးထံမှ သိရသည်။

S-08