News

POST TYPE

LATEST NEWS POST

၂၀၂၁ ခုနှစ်သည် ကိုဗစ်စဖြစ်သည့် ယမန်နှစ်ထက် ပိုမိုခက်ခဲကြမ်းတမ်းဖွယ်ရှိဟု WHO သတိပေး
15-Jan-2021


ကုလသမဂ္ဂ၊ ဇန်နဝါရီ ၁၄

ပိုမိုကူးစက်မြန်သည့် ကမ္ဘာ့ကပ်ရောဂါဗိုင်းရပ်စ်မျိုးကွဲသစ်ကြောင့် ယခု ၂၀၂၁ ခုနှစ်သည် ကိုဗစ်စတင်ဖြစ်ပွားခဲ့သော ပထမနှစ် ၂၀၂၀ ပြည့်နှစ်ထက် ပိုမိုခက်ခဲကြမ်းတမ်းဖွယ်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေး လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

လက်ရှိအနေအထားတွင် ကမ္ဘာတစ်ဝန်း၌ (အထူးသဖြင့် ကမ္ဘာ့မြောက် ပိုင်းအခြမ်းတွင်) ဗိုင်းရပ်စ်မျိုးစိပ်သစ် လျင်မြန်စွာကူးစက်ဖြစ်ပွားလျက်ရှိရာ ယခုနှစ်သည် ပြီးခဲ့သည့်နှစ်ထက် ပိုမိုဆိုးရွားဖွယ်ရှိသည်ဟု WHO ၏ ထိပ်တန်းအရာရှိတစ်ဦးဖြစ်သူ မိုက်ရိုင်ယန်က ပြော ကြားသည်။ 

"ကျွန်တော်တို့တတွေ ကိုဗစ်ဒုတိယနှစ်ထဲကို ရောက်လာပါပြီ။ ယခုဒုတိယနှစ်ဟာ ပိုပြီးခက်ခဲကြမ်းတမ်းပါလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကူးစက်မှုတွေအဆမတန်ဖြစ်ပွားနေတာကို ကျွန်တော်တို့ နေ့စဉ်နဲ့အမျှကြုံတွေ့နေရလို့ပါပဲ" ဟု မိုက်ရိုင်ယန်က ဆိုရှယ်မီဒီယာပလက်ဖောင်းမှတစ်ဆင့် ပြောကြားသည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်ကျော်ခန့်က ကပ်ရောဂါနှင့်ပတ်သက်၍ ကြေညာချက်တစ်ရပ်နောက်ဆုံးထုတ်ပြန်ခဲ့ပြီးနောက် ယမန်နေ့က ယခုလိုသတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် သီတင်းပတ်က ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅ သန်း ကျော်ခန့်ရှိခဲ့သည်။ 

"ကမ္ဘာ့မြောက်ပိုင်းအခြမ်းက ဥရောပနဲ့ မြောက်အမေရိကဒေသတွေမှာ နှင်းမုန်တိုင်းတွေ၊ အအေးလှိုင်းတွေ ကျရောက်တော့ လူတွေက အဆောက်အအုံတွေ၊ အိမ်တွေထဲမှာပဲစုနေကြတယ်။ ခပ်ခွာခွာမဟုတ်ဘဲ ရောရောနှောနှောနေကြတယ်။ အဲဒါကြောင့် ပိုးကူးစက်မှုတွေ ပိုမို ဆိုးရွားသွားပါတယ်" ဟု ၎င်းကပြောကြားသည်။ 

WHO ၏ ကျန်းမာရေးပညာဆိုင်ရာ အကြီးအကဲ မာရီယာဗန်ကာဗိုက အချို့နိုင်ငံများတွင် ရုံးပိတ်ရက်ရှည်အချို့ ရှိခဲ့ပြီးနောက် ပိုးကူးစက်သည့်အခြေအနေမှာ ပို၍ပင်ဆိုးရွားသွားကြောင်း ပြောကြားသည်။ 

ဗြိတိန်နိုင်ငံတွင် ပြီးခဲ့သည့် ဒီဇင်ဘာလကတွေ့ရှိခဲ့သော ကူးစက်မြန်ကိုဗစ်ဗိုင်းရပ်စမျိုးစိပ်သစ်သည် ယခုအခါ ကမ္ဘာ့နေရာအတော်များများသို့ ကူးစက် ရောက်ရှိသွားပြီဖြစ်သည်။ 

ဥရောပဒေသရှိ အစိုးရအတော်များများမှာမူ ပိုမိုတင်းကြပ်သော စည်းမျဉ်းစည်းကမ်းများထုတ်ပြန်ကာ ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရန်ကြိုးပမ်းလျက်ရှိသည်။ 

လက်ရှိအနေအထားတွင် ကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေစုစုပေါင်း ၂ သန်းနီးပါး ရှိလာပြီး ၉၁ ဒသမ ၅ သန်းကျော်ကူးစက်ခံ ခဲ့ရသည်။
F-01