News

POST TYPE

LATEST NEWS POST

NCA လက်မှတ်ထိုးပြီး ၆ နှစ်အတွင်း တပ်မတော်တပ်စခန်းများ ကရင်ပြည်နယ်တွင် တိုးချဲ့လာဟု KNU ထုတ်ပြန်
14-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၁၃

၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးပြီးနောက် ကရင်ပြည်နယ်တွင် တပ်မတော်စခန်းများ တိုးချဲ့လာနေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) က ထုတ်ပြန်သည့် သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို စတဲ့ နိုင်ငံရေးအရွေ့ကို ဖန်တီးနိုင်ဖို့ KNU ဘက်ကနေ သည်းခံနှိမ့်ချခြင်းများစွာနဲ့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာ မိမိတို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်အနေနဲ့ သဘောတူညီချက်တွေကို ထိန်းသိမ်းရေး၊ စစ်ပွဲများပြန် မဖြစ်ရေး စသည်တို့ကို ထောက်ရှုပြီး နယ်မြေအသီးသီးမှာ အလျှော့ပေးခဲ့ရာ ယနေ့ NCA လက်မှတ်ထိုးပြီး ၆ နှစ်တာအတွင်း မူတြော် (ဖာပွန်)ခရိုင်ထဲမှာ တပ်မတော်စခန်း ၇၂ ခုကနေပြီးတော့ ၈၀ ကျော်အထိ ရှိလာခဲ့ပြီး နည်းမျိုးစုံနဲ့ တပ်အင်အားကို တိုးချဲ့ခဲ့ကြတာဖြစ်ပါတယ်"ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နှစ်ဖက်သဘောတူညီချက်စာချုပ်နှင့် NCA ကို လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း လက်တွေ့တွင် ကရင်ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်မပေးသည့်အပြင် သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အရပ်သားပြည်သူလူထု၏ အကျိုးစီးပွားနှင့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရေးအတွက် အလွန်အရေးကြီးသည့် ယုံကြည်မှုတည်ဆောက်နိုင်ခြင်းမရှိကြောင်း၊ သဘောတူညီချက်လက်မှတ် ရေးထိုးထားသည်ကို အကြောင်းပြုပြီး အုပ်ချုပ်ရေးယန္တရားဘက်က တရစပ်ထိုး ဖောက်ဝင်ရောက်လာနေကြောင်း ကရင်အမျိုးသားမိဘပြည်သူများနှင့် ကရင်လူငယ်မောင်မယ်များထံသို့ KNU/KNLA က ပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

KNLA အနေနှင့် နှစ်သစ်မှစတင်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ကို အစွမ်းကုန် ရွပ်ရွပ်ချွံချွံ ထမ်းဆောင်သွားရန် သန္နိဋ္ဌာန် ချထားကြောင်း၊ မိဘပြည်သူများနှင့် လူငယ်မောင်မယ်များအနေနှင့် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ နားလည်ပံ့ပိုးမည်ဟု ယုံကြည်မျှော်လင့်ကြောင်း၊ မိမိကျရာ အမျိုးသားရေးတာဝန်ကို ဝိုင်းဝန်းထမ်းဆောင်ကြဖို့လည်း လှိုက်လှိုက်လှဲလှဲ တိုက်တွန်းပန်ကြားပါကြောင်း ဖော်ပြပါရှိသည်။

KNU/KNLA အနေနှင့် ၂၀၁၂ ခုနှစ်တွင် အစိုးရနှင့် ဆွေးနွေးပြီး ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာနှစ်ဖက်တပ်များ လိုက်နာရမည့် တပ်ဘက်ဆိုင်ရာ စည်းကမ်းများ အပါအဝင်နှစ်ဖက် သဘောတူညီချက်စာချုပ်များ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သည်။

တပ်မတော်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့အကြား ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း စစ်အင်အားတိုးချဲ့မှုနှင့် လမ်းဖောက်လုပ်မှုများကြောင့်ဆိုကာ စစ်ရေးတင်းမာမှုများ ဆက်ရှိနေသေးပြီး နှစ်ဖက်သက်ဆိုင်ရာ တပ်မှူးများ တွေ့ဆုံဖြေရှင်းရမည်ဖြစ်ကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။

S-08