News

POST TYPE

LATEST NEWS POST

ဝူဟန်၌ ကိုဗစ်ကူးစက်၍ ဆေးရုံတက်ခဲ့ရသူ လေးပုံသုံးပုံ၌ ခြောက်လကြသည်အထိ ဆက်စပ်ဝေဒနာများ စွဲကျန်နေကြောင်း တွေ့ရှိ
12-Jan-2021


ဘေဂျင်း၊ ဇန်နဝါရီ ၁၂

တရုတ်နိုင်ငံ ဝူဟန်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းကြောင့် ဆေးရုံတက်ခဲ့ရသူအများစုမှာ ကူးစက်ခံရပြီး ခြောက်လအကြာအထိ ဆက်စပ် ရောဂါလက္ခဏာများဖြစ်သည့် ပင်ပန်းနွမ်းခြင်းများနှင့် အိပ်မရခြင်းဝေဒနာများကို ဆက်လက်ခံစားနေရကြောင်း တရုတ်နိုင်ငံ သုတေသနတစ်ခုတွင် တွေ့ရှိခဲ့ရသည်ဟု CNN သတင်းဌာနကဖော်ပြသည်။

ကိုရိုနာဗိုင်းရပ်စ် စတင်ပျံပွားသော တရုတ်နိုင်ငံဝူဟန်မြို့ရှိ ကိုဗစ်ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်သူ လူနာ ၁၇၀ဝ ကျော်ကို စမ်းသပ်စစ်ဆေး သုတေသနပြုခဲ့ရာ ၇၆ ရာခိုင်နှုန်းသည် ဆေးရုံမှဆင်းပြီး လအတန်ကြာအထိ အနည်းဆုံးဆက်စပ် ဝေဒနာတစ်ခု ခံစားရဆဲဖြစ်ကြောင်းတွေ့ရှိ ခဲ့သည်။

ယင်းရှာဖွေတွေ့ရှိမှုသည် ယခုတွင် ကမ္ဘာတစ်ဝန်း လူဦးရေ သန်း ၉၀ ကျော်ကို ကူးစက်ထားသော ကိုရိုနာဗိုင်းရပ်စ်နှင့် ထိတွေ့ကူးစက်ခံရဖူးသူများ ပြန်လည်ကောင်းမွန်သော်လည်း ကိုဗစ်ဆက်စပ် ရောဂါဝေဒနာများ အချိန်ကြာမြင့်စွာ ခံစားနိုင်ရမည်ဆိုသည်ကို ထောက်ပြလျက်ရှိသည်။

ဇန်နဝါရီလ ၈ ရက်နေ့ထုတ် ဆေးသိပ္ပံဂျာနယ် Lancet တွင် ဖော်ပြခဲ့သော အဆိုပါရှာဖွေတွေ့ရှိမှုအရ ပင်ပန်းနွမ်းနယ်ခြင်းများနှင့် အိပ်စက်ရန် ခက်ခဲခြင်းဝေဒနာများသည် အများစုတွေ့ရသော ကိုဗစ်လူနာများ၏ ကိုဗစ်လွန်ကာလ အခက်အခဲဝေဒနာများဖြစ်သည်။

ကိုဗစ်ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသူ ၆၃ ရာခိုင်နှုန်းနှင့် ကိုဗစ်ကူးစက်ခံထားရသူ ၂၃ ရာခိုင်နှုန်းတွင် ကိုဗစ်ကူးစက်ခံရပြီး ခြောက်လအကြာ၌ ယင်းဝေဒနာများ ဆက်လက်ခံစားနေရဆဲဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခန္ဓာပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာများလည်း ထိခိုက်နိုင်ပြီး စိုးရိမ်သောကလွန်ရောဂါ သို့မဟုတ် စိတ်ကျရောဂါလက္ခဏာများကို ကိုဗစ်ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသူ ၂၃ ရာခိုင်နှုန်းတွင် တွေ့ရှိရကြောင်း Lancet ဂျာနယ်တွင်ပါဝင်သော သုတေသနတွင် ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ပိုမိုပြင်းထန်သူများတွင် ပြန်လည်ကောင်းမွန်လာပြီးနောက်တွင်လည်း ဓာတ်မှန်ရိုက်ကြည့်ပါက အဆုတ်တွင် ထိခိုက်ထားသည်များကိုတွေ့ရသည်ဟု သုတေသနပညာရှင်များက ထုတ်ပြန်ခဲ့ကြသည်။

“Covid-19 ဆိုတာက ရောဂါအသစ်ဆိုတော့ လူနာတွေရဲ့ နောက်ဆက်တွဲ ဝေဒနာလက္ခဏာအနည်းငယ်ကိုပဲ စတင်နားလည်ခွင့်ရလာတာဖြစ်ပါတယ်”ဟု တရုတ်-ဂျပန် မိတ်ဖက်ဆေးရုံနှင့် Capital Medical တက္ကသိုလ်မှ ဒေါက်တာဘင်ကာအိုက ပြောခဲ့သည်။

F-05