News

POST TYPE

LATEST NEWS POST

တရုတ် ချန်အဲ-၅ အာကာသစူးစမ်းရေးယာဉ် လပေါ်မှမြေသားနမူနာယူရန် ထွက်ခွာ
24-Nov-2020

ဘေဂျင်း၊ နိုဝင်ဘာ ၂၄

လပေါ်မှ မြေသားနမူနာယူရန် တရုတ်နိုင်ငံမှ အာကာသစူးစမ်းရေးယာဉ် ချန်အဲ-၅ သည် နိုဝင်ဘာလ ၂၄ ရက်တွင် ထွက်ခွာခဲ့ကြောင်း BBC သတင်းဌာနတွင်ဖော်ပြသည်။ 

လနတ်သမီးကိုအစွဲပြုမှည့်ခေါ်ထားသော အဆိုပါအာကာသယာဉ် ပဉ္စမမျိုးဆက်ကို Long March 5 ဒုံးပျံ အသုံးပြုကာ တရုတ်ပြည်တွင်း စံတော်ချိန် နိုဝင်ဘာလ ၂၄ ရက်နေ့ အစောပိုင်းတွင် ဝန်ချမ်းအာကသယာဉ်စခန်းမှ လွှတ်တင်ခဲ့ပြီး မစ်ရှင်အောင်မြင်ပါက ဒီဇင်ဘာလ လယ်အတွင်း ပြန်ရောက်မည်ဖြစ်ကြောင်းသိရသည်။

အမေရိကန်နှင့် ဆိုဗီယက်တို့သည် လပေါ်မှ ကျောက်ခဲများ၊ မြေသားများကို ကမ္ဘာပေါ်တွင် စမ်းသပ်စစ်ဆေးလေ့လာရန် သယ်ယူခဲ့ကြသည်မှာ နှစ်ပေါင်း ၄၀ ကျော်ခဲ့ပြီဖြစ်သည်။

တရုတ်နိုင်ငံသည် ယင်းနှစ်နိုင်ငံကဲ့သို့ စွမ်းဆောင်ရည်များ ချပြနိုင်သည့် တတိယနိုင်ငံနေရာ ရယူရန်ဖြစ်ပြီး ယင်းသို့အသိ အမှတ်ပြုခံရရန်မှာ အလွန်ခက်ခဲ ရှုပ်ထွေးမည့် ကြိုးစားအားထုတ်မှုတစ်ခုဖြစ်သည်။

ယခုလွှတ်တင်ခဲ့သော အာကသယာဉ်သည် လုပ်ဆောင်ချက် အဆင့်များစွာပါဝင်ပြီး၊ ကမ္ဘာပတ်ခြင်း၊ ဆင်းသက်ခြင်း-ပြန်လည်ထွက်ခွာနိုင်ခြင်းများ လုပ်ဆောင်နိုင်သည်။ မစ်ရှင်ပြီးပါက လပေါ်မှပစ္စည်းများ သယ်ယူလာမည့်ယာဉ်၏ အစိတ်အပိုင်းသည် ကမ္ဘာ့လေထုအတွင်းသို့ အလွန်ပူပြင်းပြီး အားပြင်းသည့်အရှိန်ဖြင့် ပြန်လည်ဆင်းသက်လာမည်ဖြစ်သည်။ 

လ-ကမ္ဘာ အသွားအပြန်ဆိုင်ရာ လုပ်ငန်းများကို လွန်ခဲ့သော ဆယ်နှစ်နီးပါးတည်းက ဂြိုဟ်တုနှစ်ခုနှင့် စမ်းသပ်ခဲ့သောကြောင့် တရုတ်နိုင်ငံအတွက် အောင်မြင်မည်ဆိုသော ယုံကြည်မှုပိုမိုမြင့်တက်စေခဲ့သည်။

တရုတ်နိုင်ငံမှ မကြာသေးခင်က လွှတ်တင်ခဲ့သည့် ချန်အဲ-၄ အာကာသယာဉ်သည် လ၏ကမ္ဘာနှင့် မျက်နှာမမူသည့် အမှောင်ဘက်ခြမ်းကို သွားရောက်ထိတွေ့နိုင်ခဲ့ပြီး အခြားနိုင်ငံများသည် ယင်းသို့သော ဆင်းသက်မှုမျိုး မပြုလုပ်ခဲ့ဘူးပေ။ 

ယခု လွှတ်တင်သော Chang'e 5 အာကသယာဉ်သည် မီးတောင်များရှိသည့် Oceanus Procellarum နယ်ပယ်ကြီး အတွင်းရှိ Mons Rumker ဒေသသို့ သွားရောက်မည်ဖြစ်ပြီး အမေရိကန်အပိုလို လဆင်းယာဉ်များ ဆင်းသက်ခဲ့သည့်နေရာများမှ ဝေးလံသောနေရာဖြစ်သည်။

အမေရိကန်နိုင်ငံ အပိုလို အာကသယာဉ်မှူးများနှင့် ဆိုဗီယက်လကမ္ဘာဆင်း စက်ရုပ်များသယ်ယူလာသောကျောက်သားများနှင့် နှိုင်းယှဉ်လျှင် တရုတ်နိုင်ငံသွားမည့် ဒေသမှ ကျောက်များက ပိုမိုနုသည်ဟုသိရသည်။

အမေရိကန်နှင့် ဆိုဗီယက်တို့ သယ်ဆောင်လာသည့် ကျောက်များသည် နှစ် ၃ ဘီလျံမှ ၄ ဘီလျံကြား ကြာမြင့်ခဲ့ပြီဖြစ်သော ကျောက်များဖြစ်ပြီး တရုတ်နိုင်ငံ သယ်ယူလာမည့် ကျောက်များသည် ၁ ဒသမ ၃ ဘီလျံ သက်တမ်းသာရှိသေးသော ကျောက်များဖြစ်ကြောင်းလည်း သိရသည်။

F-05