News

POST TYPE

LATEST NEWS POST

ရှမ်းပြည်နယ်တောင်ပိုင်းရှိ COVID-19 စစ်ဆေးရေးဂိတ်များတွင် CCTV ကင်မရာများ တပ်ဆင်မည်
23-Nov-2020
ပင်းတယ၊ နိုဝင်ဘာ ၂၃ 

ရှမ်းပြည်နယ် တောင်ပိုင်းရှိ COVID-19 စစ်ဆေးရေးဂိတ်များတွင် မသမာမှုများနှင့် အခြားမလိုလားအပ်သောပြဿနာ၊ အမှုအခင်းကိစ္စများကို စစ်ဆေးဖော်ထုတ်အရေးယူနိုင်ရန် CCTV ကင်မရာများ တပ်ဆင်မည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ 

ယင်းအပြင် COVID-19 စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးအင်အားကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ဆေးရေးဂိတ်အချို့မှာ COVID-19 ရောဂါ ရှိ မရှိ စစ်ဆေးမှုကို မခံယူစေဘဲ အခကြေးငွေရယူပြီး ဖြတ်သန်းခွင့်ပြုနေကြောင်း သတင်းများထွက်နေသည်ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

"စစ်ဆေးရေးဂိတ်တွေမှာ CCTV တပ်ဆင်ရတဲ့ အဓိကရည်ရွယ်ချက်က မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေဖို့နဲ့ အမှုအခင်းကိစ္စတွေ ဖော်ထုတ်အရေးယူနိုင်ဖို့ ဖြစ်ပါတယ်။ CCTV တပ်ဆင်ပြီးရင်တော့ မသမာမှုတွေလည်း လုပ်နိုင်တော့မှာမဟုတ်ပါဘူး" ဟု တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ရှင်းပြသည်။ 

ရှမ်းပြည်နယ် တောင်ပိုင်းရှိ COVID-19 စစ်ဆေးရေးဂိတ်များတွင် CCTV ကင်မရာများ တပ်ဆင်ရန် KBZ ရှမ်းတောင်စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီက ကုန်ကျစရိတ် တွက်ချက်စစ်ဆေးလျက်ရှိပြီး ခရိုင်စီမံခန့်ခွဲမှု ကော်မတီကလည်း CCTV များ တပ်ဆင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ 

"လုံခြုံရေးကင်မရာတပ်ဆင်မှုမှာ အပိုင်းနှစ်ပိုင်းရှိတယ်။ KBZ က ပထမဦးဆုံး ကင်မရာတွေ တပ်ဆင်ဖို့ကိစ္စ ဆောင်ရွက်နေတယ်။ အခု ခရိုင်စီမံကော်မတီပါ ကင်မရာတပ်ဆင်ဖို့ကိစ္စကို ဆောင်ရွက်နေတယ်။ ဂိတ်တွေမှာ ကင်မရာတွေ ဘယ်နေ့ဘယ်ရက် စတင်တပ်ဆင်မယ် ဆိုတာတော့ လတ်တလော မသိရသေးဘူး" ဟု တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ပြောကြားသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်တွင်ရှိသော နန့်ပန်တက် စစ်ဆေးရေးဂိတ်မှာ ပြည်နယ်အတွင်းသို့ အဓိကဝင်ပေါက်ဖြစ်ပြီး မြို့ကြီး စစ်ဆေးရေးဂိတ်၊ တောင်လေးလုံး စစ်ဆေးရေးဂိတ်၊ ဟိုပုံးစစ်ဆေးရေးဂိတ်များတွင် CCTV များ တပ်ဆင်ကာ လုံခြုံရေးအင်အား တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားမြို့နယ်များတွင်လည်း စစ်ဆေးရေးဂိတ်များ နေရာအနှံ့ထားရှိ၍ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ 

ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့တွင် COVID-19 ရောဂါကူးစက်ခံရသူ ၁၇ ဦးအထိရှိပြီဖြစ်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။ 

S-03