News

POST TYPE

LATEST NEWS POST

အနုကြမ်းစီး လုယက်ခံရသည်ဟု လီဆယ်ပြောဆိုတိုင်တန်းသည့် အမျိုးသမီး အရေးယူခံရ
21-Nov-2020
ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်တွင် နေအိမ်တိုက်ခန်းအတွင်း အနုကြမ်းစီးခံရပြီး လက်ဝတ်ရတနာပစ္စည်းများနှင့် ငွေများ လုယက်ခံရကြောင်း လီဆယ်ပြောဆို အမှုဖွင့်တိုင်ကြားခဲ့သည့် အမျိုးသမီးကို အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

လီဆယ်တိုင်ကြားခဲ့သော အသက် ၅၁ နှစ်အရွယ် အမျိုးသမီးမှာ အောက်တိုဘာလကုန်ပိုင်းက ၎င်း၏ နေအိမ်တိုက်ခန်းတွင် တစ်ဦးတည်းရှိနေစဉ် အမည်မသိ အမျိုးသားနှစ်ဦးက အမှိုက်များသိမ်းဆည်းရန် ရှိ/မရှိ မေးမြန်းကာ နေအိမ်ထဲ ဝင်ရောက်လာခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။ 

ယင်းနောက် အဆိုပါအမျိုးသားနှစ်ဦးက အမျိုးသမီး၏ မျက်လုံး၊ ပါးစပ်၊ ခြေထောက်နှင့် လက်တို့ကို အဝတ်စ၊ ဖုန်းအားသွင်းကြိုး၊ ပလတ်စတစ်ကြိုးများဖြင့် ချည်နှောင်၍ အိပ်ခန်းအတွင်းရှိ သေတ္တာထဲမှ အတူနေတူမတော်စပ်သူ ပိုင်ဆိုင်သော စိန်၊ ရွှေလက်ဝတ်ရတနာပစ္စည်းများနှင့် လက်ကိုင်ဖုန်း၊ လက်ပတ်နာရီ၊ ငွေကျပ် ၂၃ သိန်းတို့ကို လုယူသွားခဲ့သည်ဟု တိုင်တန်းသဖြင့် လှိုင်မြို့မရဲစခန်းမှ အမှုရေးဖွင့်၍ စုံစမ်းစစ်ဆေးခဲ့သည်။ 

စုံစမ်းစစ်ဆေးချက်အရ အခင်းဖြစ် တိုက်ခန်းအနီး ပတ်ဝန်းကျင်တွင် နေထိုင်သူများနှင့် တိုက်ခန်းအနီးရှိ တပ်ဆင်ထားသော CCTV မှတ်တမ်းကို စစ်ဆေးရာ အခင်းဖြစ်ပွားချိန်က အဆိုပါတိုက်ခန်းသို့ တစ်ဦးတစ်ယောက်မှ လာရောက်ခြင်း မတွေ့ရှိခဲ့ကြောင်း သိရှိခဲ့ရသည်။ 

အခင်းဖြစ်ပြီး နောက်တစ်နေ့တွင် တရားလိုဖြစ်သူက လုယက်ခံရသည့် လက်ဝတ်ရတနာပစ္စည်းများကို တိုက်ခန်းအရှေ့ သစ်သားတံခါးနှင့် သံတံခါးကြားတွင် လာထားသွားကြောင်း ပြောကြားခဲ့ပြီး လုယက်မှုဖြစ်စဉ်က အသုံးပြုချည်နှောင်ခဲ့သော ဖုန်းအားသွင်းကြိုးမှာ အနည်းငယ် ရုန်းကန် လျှင် ပြတ်ထွက်နိုင်ခြင်း၊ လုယက်ခံရသည့်ဖုန်းကို ဆက်သွယ်ခေါ်ဆိုရာတွင် နေအိမ်တိုက်ခန်းအတွင်းမှ ဖုန်းမြည်သံကြားရကြောင်း တူမဖြစ်သူက သတင်းပို့သဖြင့် ရှာဖွေရာမှ နေအိမ်မီးဖိုဆောင်ရှိ ဆန်ပုံးအောက်တွင် ဖုန်းအားပြန်လည်တွေ့ရှိခဲ့ခြင်းတို့ကြောင့် အမှုနှင့်ပတ်သက်ပြီး တရားလိုပြုလုပ်တိုင်တန်းသူ အမျိုးသမီးကို မသင်္ကာသဖြင့် စစ်ဆေးမေးမြန်းခဲ့သည်။ 

စစ်ဆေးပေါ်ပေါက်ချက်အရ ယင်းအမျိုးသမီးမှာ ငွေရေးကြေးရေးအခက်အခဲ ရှိနေသဖြင့် တိုက်ခန်းတွင် အတူနေထိုင်သော တူမဖြစ်သူပိုင်ဆိုင်သည့် ငွေ ၂၃ သိန်းကျပ်ကို ရယူရန် လုယက်ခံရသည့် ပုံသဏ္ဌာန်ပြုလုပ်ပြီး မရိုးမဖြောင့်သောနည်းအသုံးပြု၍ ရဲစခန်းသို့ လာရောက်ကာ လီဆယ်ပြောဆိုအမှုဖွင့်လှစ်တိုင်တန်းခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းကို ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

S-03