News

POST TYPE

LATEST NEWS POST

COVID-19 ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်မပါရှိသော မော်တော်ယာဉ်များ ရှမ်းပြည်နယ်သို့ ဝင်ခွင့်မပြု
21-Nov-2020
ရန်ကုန်၊ နိုဝင်ဘာ ၂၁

မြန်မာနိုင်ငံအနှံ့မှ ရှမ်းပြည်နယ်သို့ လာရောက်မည့် မော်တော်ယာဉ်များမှာ COVID-19 ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်မပါရှိပါက နိုဝင်ဘာလ ၂၃ ရက်မှ စတင်ပြီး ပြည်နယ်အတွင်း ဝင်ရောက်ခွင့်မပြုကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ 

အဆိုပါ စီမံချက်ကို ပြည်နယ်အစိုးရအဖွဲ့မှ အစည်းအဝေးဆုံးဖြတ်ချက်အရ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး နေပြည်တော်အပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကုန်တင်ယာဉ် မောင်းနှင်သော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များတွင် ကျန်းမာရေးဌာန၏ COVID-19 ရောဂါကင်းရှင်းကြောင်း ထောက်ခံချက် မပါရှိပါက ရှမ်းပြည်နယ်အတွင်း လုံးဝ (လုံးဝ) ဝင်ရောက်ခွင့်မရှိကြောင်း သိရသည်။ 

ရှမ်းပြည်နယ်မှ အခြားတိုင်းဒေသကြီး နှင့် ပြည်နယ်များထံသို့ ထွက်ခွာမည့်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာလည်း မိမိ မော်တော်ယာဉ်အသင်း၊ ကုန်စည်ဂိတ်များ၏ ထောက်ခံချက်ကို ရယူ၍ မြို့နယ်ပုဂ္ဂလိက ယာဉ်လိုင်းများ ကြီးကြပ်မှုကော်မတီ၏ ထပ်ဆင့် ထောက်ခံချက် ရယူရန်နှင့် ယင်းအချက်များ ပါရှိပြီး ကျန်းမာရေးဌာနမှ COVID-19 ရောဂါပိုး ရှိ မရှိ စစ်ဆေးထောက်ခံချက်ပေးရန် ညွှန်ကြားထားသည်။ 

ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို မော်တော်ယာဉ်အသင်း၊ ကုန်စည်ပို့ဆောင်ရေးဂိတ်များမှ သတ်မှတ်ထားသော နေရာမှအပ ပြင်ပ/ရပ်ကွက် အတွင်းသို့ ဝင်ထွက်သွားရောက်မှု မရှိစေရန် မော်တော်ယာဉ်အသင်း၊ ဂိတ်များမှ တာဝန်ယူ ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူရန် ညွှန်ကြားထားသည်။ 

ယာဉ်မောင်းများမှ COVID-19 ဂိတ်များအား တိမ်းရှောင်သောလမ်းများမှ ဝင်ထွက်သွားလာနေမှုကို တားမြစ်ဆောင်ရွက်ရန်၊ COVID-19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ SOP များကို ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ဒေသခံပြည်သူများ သိရှိနိုင်ရေး ဗီနိုင်းများ ချိတ်ဆွဲကြေညာပေးရန် ညွှန်ကြားချက်တွင် ပါရှိခဲ့သည်။ 

COVID-19 စစ်ဆေးရေးဂိတ်များမှ တာဝန်ရှိသူများနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ SOP များအတိုင်း အတိအကျ လိုက်နာဆောင်ရွက်ရေး ကြပ်မတ်ဆောင်ရွက်ရန်၊ လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူရန်၊ ရှမ်းပြည်နယ်အတွင်းရှိ COVID-19 စစ်ဆေးရေးဂိတ်များတွင် ညအချိန် လုံခြုံရေးတာဝန်ချထားနိုင်ရေး ဌာနဆိုင်ရာများ၊ အရန် မီးသတ်တပ်ဖွဲ့ဝင် နှင့် ရဲတပ်ဖွဲ့ဝင်အင်အားတိုးမြှင့် တာဝန်ပေးအပ်ရန် ညွှန်ကြားထားသည်။ 

ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို နံနက် ၆ နာရီတွင် စတင်ဖွင့်လှစ်ရမည်ဖြစ်ပြီး ရဲတပ်ဖွဲ့ လုံခြုံရေးအင်အား အပြည့်အဝချထားဆောင်ရွက်ရန်နှင့် Quarantine Center များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိရန်၊ အဆိုပါ Center များ စည်းကမ်စနစ်တကျ ရှိစေရန်နှင့် မြို့မိမြို့ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် Volunteer များ ပါဝင်သောအဖွဲ့တို့မှ ကြီးကြပ်ဆောင်ရွက်ရန် ညွှန်ကြားထားသည်။ 

Quarantine Center များ ဖွင့်လှစ်ထားရှိသည့် အဆောက်အအုံများကို အသုံးပြုစဉ် ကျသင့်သော ရေ၊ မီး အခွန်အခများကို ယင်းဌာနမှ ပေးချေနိုင်ရေး အထက်ဌာန အဆင့်ဆင့်သို့ တင်ပြရန်နှင့် Quarantine Center များ၏ လိုအပ်ချက်များကို ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြရန်၊ Positive လူနာများကို Contact Tracing ပြုလုပ်ရာတွင် တာဝန်ရှိသည့်ဌာနများက အဓိကတာဝန်ယူ ဆောင်ရွက်ရန်နှင့် အခြားမသက်ဆိုင်သူများ ဝင်ရောက် မေးမြန်းခြင်းကို တားမြစ်ရန် ညွှန်ကြားထားသည်။ 

Lock Down နှင့် Stay at Home သတ်မှတ်ထားသော နေရာဒေသများကို ကန့်သတ်ချက်များနှင့်အညီ နေထိုင်နိုင်ရေးအဖွဲ့ဖြင့် စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပြီး အများပြည်သူများအနေဖြင့် COVID-19 ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရေး Hand Speaker များဖြင့် စဉ်ဆက်မပြတ် အသိပေးနှိုးဆော်တိုက်တွန်းမှု၊ ပညာပေးလုပ်ငန်းများ ဆောင်ရွက်မှု၊ Mask Campaign လုပ်ဆောင်မှုများကို အင်တိုက်အားတိုက် ဆောင်ရွက်သွားရန် ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်တွင် ပါရှိခဲ့သည်။ 

တင်ဒါအောင် ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များ၊ အလုပ်သမားများမှာ ပြည်နယ်အတွင်းသို့ ဝင်ရောက်၍ လုပ်ငန်းဆောင်ရွက်လျှင် COVID-19 ရောဂါ ကင်းရှင်းကြောင်း ကျန်းမာရေးစစ်ဆေးချက် ယူဆောင်လာရမည်ဖြစ်ပြီး လုပ်ငန်း မစတင်မီ လုပ်ငန်းခွင် Quarantine နှစ်ပတ် ဝင်ရောက်ရမည်ဖြစ်သည်။ ဌာန၏ လုပ်ငန်းများမှ အလုပ်သမားများဖြစ်ပါက ယင်းဌာနမှ အဓိက တာဝန်ယူကြီးကြပ်ရန်နှင့် မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီတို့မှ ညှိနှိုင်းပေါင်းစပ်၍ စိစစ်ကြီးကြပ်ပေးရန်၊ ပြင်ပပုဂ္ဂလိကလုပ်ငန်းမှ အလုပ်သမားများဖြစ်ပါက မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စိစစ်ကြပ်မတ်ရန် ညွှန်ကြားထားသည်။ 

ဟိုတယ်/တည်းခိုခန်းများတွင် ညအိပ်တည်းခိုမှု စာရင်းကို သတ်မှတ် ပုံစံအတိုင်း မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ မပျက်မကွက် သတင်းတင်ပြရန်၊ ညောင်ရွှေ၊ ကလောမြို့နယ်တို့တွင် Hotel Quarantine ထားရှိနိုင်ရေး ဆောင်ရွက် သွားရန်၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ ဂိမ်းဆိုင်၊ ဖူဆယ်ကွင်းများ ဖွင့်လှစ်မှုမရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် ညွှန်ကြားစာတွင် ဖော်ပြထားသည်။ 

အဆိုပါ ညွှန်ကြားစာကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် နိုဝင်ဘာလ ၁၉ ရက်က ပြုလုပ်ခဲ့သော အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများမှ ယင်းညွှန်ကြားချက် ထုတ်ပြန်မှုကို အကောင်အထည်ဖော်ဆောင်ရွက်သွားရမည် ဖြစ်သည်။ 

S-03