News

POST TYPE

LATEST NEWS POST

စားသောက်ဆိုင်နှင့်လက်ဘက်ရည်ဆိုင်များ ပြန်ဖွင့်ခွင့်ပြုနိုင်ရေး သတ်မှတ်စည်းကမ်းနှင့်ညီ မညီစစ်ဆေး
21-Nov-2020


ချောက်၊ နိုဝင်ဘာ ၂၁

ကိုဗစ် ၁၉ ရောဂါကာလအတွင်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုထားရာမှ Stay at Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များရှိ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များကို ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပေးနိုင်ရေးအတွက် ကျန်းမာရေးစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရှိ၊ မရှိ ဌာနစုံပါဝင်သောအဖွဲ့ဖြင့် နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက စစ်ဆေးခဲ့သည်။

"ကျန်းမာရေးပါတဲ့အဖွဲ့ပေါ့။ အဲဒီအဖွဲ့ကနေ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်တွေ ပြန်ဖွင့်ခွင့်ပေးဖို့ ကိုဗစ် -၁၉ စည်းကမ်းချက်နှင့်အညီ စစ်ဆေးခိုင်းလို့ လာစစ်ပေးတာ" ဟု ချောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမန်းက ပြောကြားသည်။

စစ်ဆေးရေးအဖွဲ့ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမန်း၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးကျော်ဝင်းတို့ ဦးဆောင်ကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သော ဌာနပေါင်းစုံအဖွဲ့  လိုက်လံစစ်ဆေးနေခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးစည်းကမ်းနှင့် ကိုက်ညီသော A အဆင့်ရှိသည့် စားသောက်ဆိုင် နှင့် လက်ဘက်ရည်ဆိုင်များကို ပြန်လည်ဖွင့်လှစ်ရောင်းခွင့်ရရှိနိုင်ရန် မကွေးတိုင်း အစိုးရအဖွဲ့ထံ တင်ပြပေးမည်ဟု ယင်းစစ်ဆေးရေးအဖွဲ့ထံမှ သိရသည်။

"စစ်ဆေးပြီးသွားပြီးဆိုပြီး နောက်နေ့ ဖွင့်လို့မရဘူး။ ကျွန်တော်တို့က ဒီကအချက်အလက်တွေကို တိုင်းအစိုးရကို တင်ပြရအုန်းမှာ။ တိုင်းအစိုးရက ဖွင့်ခွင့် ပေးတဲ့နေ့ကျမှ ဖွင့်ခွင့်ရမှာ" အမှုဆောင် အရာရှိဦးနေမန်းက ထပ်မံပြောဆိုသည်။ 

စစ်ဆေးရေးအဖွဲ့က ဆိုင်များတွင် အပူချိန်တိုင်းကရိယာ၊ မက်စ်၊ Face Shield (မျက်နှာကာ) ၊ Apron (ရှေ့ဖုန်းအင်္ကျီ)၊ လက်ဆေးရေစင်ထားရှိမှု၊ လက်သန့်ဆေးရည်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသောပိုစတာများ စသည်တို့ ရှိမရှိ လိုက်လံစစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေးခံခဲ့သော ဆိုင်အချို့ထံမှ သိရသည်။

ချောက်မြို့နှင့် စလေမြို့တို့တွင် လက်ဘက်ရည်ဆိုင်၊ အရက်ဘီယာရောင်းချသည့် စားသောက်ဆိုင်၊ ထမင်းဆိုင်၊ မုန့်ဟင်းခါးနှင့် အသုတ်ဆိုင်ပေါင်း ၁၀ဝ ကျော် ဖွင့်လှစ်ခွင့်ရထားသော်လည်း စက်တင်ဘာလ ၁၄ ရက်နေ့မှစတင်ကာ ဒုတိယအကြိမ်မြောက်အဖြစ် ပါဆယ်စနစ်ဖြင့်သာ ရောင်းချနေရပြီး အချို့ဆိုင်များမှာ လုံးဝရောင်းချခြင်းမရှိဘဲ ပိတ်သိမ်းထားသောဆိုင်များလည်းရှိသည်ဟု ချောက်မြို့ စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

R-11