News

POST TYPE

LATEST NEWS POST

ဂျီအွန်ဘတ်ခ်ဟွန်ဒိုင်း ပဉ္စမ ရရှိ၊ ကာရှီးမားအန်တလာ ဗိုလ်လုပွဲတက်
အိုဆာကာ၊ ဒီဇင်ဘာ ၁၄

ဂျပန်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပဉ္စမနေရာလုပွဲတွင် တောင်ကိုရီးယားကလပ် ဂျီအွန်ဘတ်ခ်ဟွန်ဒိုင်းက အနိုင်ရသွားခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲတွင်မူ အိမ်ရှင် ဂျပန်အမှတ်ပေး ချန်ပီယံ ကာရှီးမားအန်တလာက အောင်ပွဲခံသွားခဲ့ကြောင်း FIFA ဖော်ပြထားသည်။

အာရှချန်ပီယံလိဂ် ချန်ပီယံ ဂျီအွန်ဘတ်ခ်ဟွန်ဒိုင်းသည် ပဉ္စမနေရာလုပွဲ အဖြစ် အာဖရိက ချန်ပီယံလိဂ် ချန်ပီယံ မာမီလိုဒီဆန်းဒေါင်းစ်နှင့် ယှဉ်ပြိုင်ကစားခဲ့ရခြင်း ဖြစ်ပြီး မာမီလိုဒီဆန်းဒေါင်းစ်မှာ ဂျီအွန်ဘတ်ခ်ဟွန်ဒိုင်းကို လေးဂိုး တစ်ဂိုးဖြင့် ဂိုးပြတ် ခြေပြတ် ရှုံးနိမ့်သွားခဲ့ရခြင်း ဖြစ်သည်။

ဂျီအွန်ဘတ်ခ်ဟွန်ဒိုင်းသည် ပထမပိုင်း ၄၅ မိနစ် ကတည်းကပင် မာမီလိုဒီဆန်းဒေါင်းစ်ကို သုံးဂိုး ဂိုးမရှိဖြင့် ဦးဆောင်ထားနိုင်ခဲ့ခြင်း ဖြစ်ကာ အဆိုပါ ဂိုးသုံးဂိုးကို ပွဲချိန် ၁၈ မိနစ်တွင် ကင်မ်ဘိုကျောင်း၊ ပွဲချိန် ၂၉ မိနစ်တွင် လီဂျောင်ဟိုနှင့် ပွဲချိန် ၄၁ မိနစ်တွင် မာမီလိုဒီဆန်းဒေါင်းစ် ကစားသမား နတ်စ်ဆီမင်တို (ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ခြင်းဖြစ်) က သွင်းယူပေးခဲ့ကြခြင်း ဖြစ်သည်။

မာမီလိုဒီဆန်းဒေါင်းစ်သည် ဒုတိယပိုင်း ပြန်လည်စတင်အပြီး သုံးမိနစ်အကြာ ပွဲကစားချိန် ၄၈ မိနစ်တွင် ချေပဂိုးတစ်ဂိုး ပြန်လည်ရရှိသွားခဲ့ပြီး ယင်းဂိုးကို ကွင်းလယ်ကစားသမား ပါစီတူးက သွင်းယူပေးသွားခဲ့ခြင်း ဖြစ်သည်။

ဂျီအွန်ဘတ်ခ်ဟွန်ဒိုင်းသည် ပွဲကစားချိန် မိနစ် ၇၀ နောက်ပိုင်းတွင် အနိုင်ရလဒ်ကို ထိန်းကာ ခံစစ်ကို အားပြုလိုက်ပြီး ဂျီအွန်ဘတ်ခ်ဟွန်ဒိုင်းအတွက် စတုတ္ထမြောက် ပွဲသိမ်းဂိုးကို ပွဲချိန် ၈၉ မိနစ်တွင် တန်ပြန်တိုက်စစ်က တစ်ဆင့် ကင်မ်ရှင်ဝတ်ခ်က ဆက်လက်သွင်းယူပေးသွားခဲ့ခြင်း ဖြစ်သည်။

ပဉ္စမနေရာလုပွဲ အပြီးတွင် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပထမ ဆီမီးဖိုင်နယ် ပွဲစဉ်ကို ဆက်လက်ကျင်းပခဲ့ကာ အဆိုပါပွဲစဉ်တွင် အိမ်ရှင် ဂျပန်အမှတ်ပေး ချန်ပီယံ ကာရှီးမားအန်တလာ အသင်းက ကိုပါလီဘာတာဒိုးစ်ဖလား ချန်ပီယံ ကိုလံဘီယာကလပ် အက်သလက်တီကို နေစီယွန်နယ်အသင်းကို သုံးဂိုး ဂိုးမရှိဖြင့် အံ့သြသင့်ဖွယ် အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်လှမ်းရောက်ရှိသွားခဲ့သည်။

ကာရှီးမားအန်တလာသည် ရီးရဲလ်မက်ဒရစ်နှင့်အပြိုင် ဗိုလ်လုပွဲတက်ရန် ရေပန်းစားခဲ့သည့် အက်သလက်တီကို နေစီယွန်နယ်အသင်းကို ပွဲကစားချိန် ၃၃ မိနစ်တွင် အဖွင့်ဂိုး စသွင်းနိုင်ခဲ့ပြီး ယင်းဂိုးကို ပင်နယ်တီက တစ်ဆင့် ရှိုမာဒွိုင်က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

အက်သလက်တီကို နေစီယွန်နယ်သည် ပွဲပြီးဆုံးရန် ၁၀ မိနစ်ခန့် အလိုတွင် ချေပဂိုး ရလိုဇောဖြင့် တိုက်စစ်ကျွံဝင်သွားခဲ့သည့် အတွက် ကာရှီးမားအန်တလာ၏ တန်ပြန်တိုက်စစ်ကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့ကာ နှစ်ဂိုးဆက်တိုက် ထပ်မံပေးလိုက်ရသည့် အခြေအနေဆိုးကို ရင်ဆိုင်လိုက်ရပြီး ယင်းဂိုးနှစ်ဂိုးကို အန်ဒို (၈၃ မိနစ်) နှင့် ဆူဇူကီး (၈၅ မိနစ်) တို့က သွင်းယူပေးသွားခဲ့ခြင်း ဖြစ်သည်။

ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဒုတိယမြောက် ဆီမီးဖိုင်နယ်ပွဲစဉ်ကို ယနေ့ (ဒီဇင်ဘာလ ၁၅ ရက်) မြန်မာစံတော်ချိန် ညနေ ငါးနာရီတွင် ယှဉ်ပြိုင်ကစားသွားစေမည်ဖြစ်ပြီး အဆိုပါပွဲစဉ်တွင် ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်နှင့် ကွန်ကာကပ်ဖ် ချန်ပီယံလိဂ် ချန်ပီယံ မက္ကဆီကိုကလပ် ကလပ်အမေရိကတို့ အားပြိုင်ကြရမည် ဖြစ်သည်။