News

POST TYPE

LATEST NEWS POST

အလားအလာကောင်းသည့် ယာစပါးမျိုးများ အထွက်ယှဉ်ပြိုင်ခြင်း သုတေသနပြုလုပ်
31-Oct-2020
ရန်ကုန်၊ အောက်တိုဘာ ၃၁

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ နောင်မွန်စိုက်ပျိုးရေးသုတေသနခြံရှိ သုတေသနပညာရှင်များသည် ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် အလားအလာ ကောင်း ယာစပါး ၁၄ မျိုးကို ဒေသစပါးမျိုးများနှင့် နှိုင်းယှဉ်၍ သုတေသနပြု ဆောင်ရွက်လျက်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ နောင်မွန်စိုက်ပျိုးရေးသုတေသနခြံရှိ သုတေသနပညာရှင်များသည် ယာစပါး၊ ပဲပုပ်၊ အစေ့ထုတ်ပြောင်းနှင့် မြေပဲသီးနှံသုတေသနများ ဆောင်ရွက်နေခြင်းဖြစ်ပြီး စိုက်ပျိုးရေးသုတေသန ဦးစီးဌာနနှင့် လားရှိုးမြို့ စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ယာစပါးမျိုးများ ယှဉ်ပြိုင်သုတေသနစမ်းသပ်ခြင်း ကွင်းသရုပ်ပြပွဲကို ၂၀၂၀ ပြည့် နှစ်၊ အောက်တိုဘာလ တတိယအပတ်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

COVID- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လူစုလူဝေးမဖြစ်စေရန်အတွက် ကွင်းသရုပ်ပြပွဲအခမ်းအနားကို အချိန်သုံးချိန်ခွဲ၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လွယ်တောက်၊ ခါးသျှီ၊ မာန်ဗြိန်း၊ မန်ကောင်း၊ မန်ကတ်ကျေးရွာများမှ တောင်သူများ လာရောက်လေ့လာခဲ့ကြကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနထံမှ သိရသည်။ 

ကွင်းသရုပ်ပြပွဲသို့ လာရောက်ကြသည့် တောင်သူများကို ယာစပါးခင်းအတွင်း ပေါင်း၊ မြက်ကာကွယ်နှိမ်နင်းနည်းများ၊ ယာစပါးမျိုးသန့်စိုက်ပျိုးနိုင် ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ယာစပါးမျိုးသန့်များကို အခမဲ့ပေးဝေမည့် အစီအစဉ်များလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

အဆိုပါ ကွင်းသရုပ်ပြပွဲတွင် ယာစပါး ၃ မျိုးဖြစ်သည့် TP-30672 ၊ TP-30460 ၊ IR 82635-B-B-75-2 နှင့် ဒေသယာစပါး ၂ မျိုး ဖြစ်သည့် ခေါက်ဖိပန်၊ နှင်ခေါက်မဖွတ် စပါးမျိုးတို့ကို သရုပ်ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

S-07