News

POST TYPE

LATEST NEWS POST

ပုဂံဒေသတွင် စက်ယန္တရားကြီးများအသုံးပြုကာ မြေကျင်းတူး၍ သစ်ပင်စိုက်ခြင်းကို UNESCO က စုံစမ်းမှုများပြုလုပ်
31-Oct-2020
ဓာတ်ပုံ - ညောင်ဦးခရိုင်ထွေအုပ် 

မန္တလေး၊ အောက်တိုဘာ ၃၁

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း စက်ယန္တရားကြီးများအသုံးပြုကာ မြေကျင်းများတူး၍ သစ်ပင်စိုက်ပျိုးခြင်းများနှင့် ပတ်သက်၍ UNESCO က စုံစမ်းမှုများ ပြုလုပ်နေကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲထံမှ သိရသည်။ 

ပုဂံဒေသတွင် သစ်ပင် ၃၀ဝ၀ စိုက်ပျိုးရေးအပါအဝင် ပုဂံဒေသ သာယာလှပရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ ယင်းသို့ လုပ်ဆောင်ရာတွင် သစ်ပင်များစိုက်ပျိုးနိုင်ရန် မြေတူးလုပ်ငန်းများကို စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်ခဲ့ရာ ထိခိုက်မှုများရှိသဖြင့် UNESCO က စုံစမ်းမှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောကြားသည်။ 

"စက်ယန္တရားကြီးတွေသုံးပြီး လုပ်တဲ့အခါကျတော့ ထိခိုက်မှုတွေရှိလာတာပေါ့။ ဒါတွေကို ဘယ်လိုစီမံခန့်ခွဲမလဲပေါ့နော်။ ဒီအခြေအနေတွေကို တင်ပြဖို့ပြောတယ်။ ကျွန်တော်တို့က တစ်ခုတော့ အကြောင်းပြန်ထားတယ်။ ဇုန်ထဲမှာ စိုက်ပျိုးတာတွေ ဆက်ပြီးမလုပ်ခိုင်းဘူး။ နေရာရွှေ့ခိုင်း တယ်။ တူးပြီးသား ရှိနေတာတွေကိုလည်း ပြန်ဖို့ဖို့ ပြောပြထားတယ်။ ဒီတော့ ပြန်ဖို့တဲ့ ဟာတွေကို မှတ်တမ်းဓာတ်ပုံနဲ့ တင်ပြဖို့ ယူနက်စကိုက ပြောတယ်" ဟု ၎င်းက ရှင်းပြသည်။ 

ပုဂံဒေသသာယာလှပရေးလုပ်ငန်းများကို ပုဂံဒေသဇုန်ဝင်ကြေးမှ ရရှိသည့် ကျပ်သန်း ၂၅၂၀ ဖြင့် ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ တရုတ်စံကား၊ ငုရွှေဝါ၊ စိန်ပန်း စသည့် အပင်များ အပါအဝင် ဒေသမျိုးရင်း အပင် ၃၀ဝ၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းများ အပါအဝင် လိုအပ်သည့် စက်ယန္တရားများ ဝယ်ယူခြင်း၊ ဂျင်း၊ မြေ (မြေသားလမ်း)လမ်းခင်းခြင်းများ၊ လမ်းမီးတိုင်စိုက်ထူ ခြင်းလုပ်ငန်းများ၊ အမှိုက်မီးရှို့စက် ဝယ်ယူခြင်းများ ပါဝင်ကြောင်း ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

လက်ရှိအချိန်တွင် အပင် ၁၅၀ဝ ခန့် စိုက်ပျိုးထားပြီးဖြစ်ကာ အပင်စိုက်ပျိုးရန် တူးထားသည့် ကျင်း ၇၀ဝ ခန့်ကို ပြန်ဖို့ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ စိုက်ပျိုးရန် ကျန်ရှိသည့်အပင်များကို အနီရောင်ဇုန်နှင့် လွတ်ကင်းရာ အဝါရောင်ဇုန်အတွင်း စိုက်ပျိုးရန် ညွှန်ကြားထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲထံမှ ထပ်မံသိရသည်။ 

ပုဂံဒေသသည် မြန်မာမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့်လည်းကောင်း၊ များပြားလှသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့်လည်းကောင်း ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ရာနေရာအဖြစ် ကမ္ဘာကျော်သည့်နေရာ တစ်ခုဖြစ်သည်။ 

ပုဂံဒေသကဲ့သို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာများတွင် စီမံကိန်းများ လုပ်ဆောင်ရာ၌ အမွေအနှစ်ပေါ် မည်မျှထိခိုက်မှုရှိနိုင်သနည်းဆိုသည့် ဆန်းစစ်ချက်များ လုပ်ဆောင်ပြီးမှသာ လုပ်ဆောင်သင့်ကြောင်း၊ ရေရှည်ကိုကြည့်ပြီးမှသာလုပ်ဆောင်သင့်ကြောင်း အမွေအနှစ် ကျွမ်းကျင်သူအချို့က မှတ်ချက်ပြု ပြောဆိုကြသည်။

ယူနက်စကိုက ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသတစ်ခုလုံးကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာအဖြစ် သတ်မှတ်ခဲ့သည်။

ရတီ