News

POST TYPE

LATEST NEWS POST

မြန်မာ့ရေ၊ မြေသဘာဝနှင့် လိုက်လျောညီထွေသည့် စပ်မျိုးစပါးမျိုးသစ်များရရှိရေး သုတေသနပြုလုပ်
29-Oct-2020
ရန်ကုန်၊ အောက်တိုဘာ ၂၉

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပ်မျိုးစပါးသုတေသနဌာနစုရှိ သုတေသနပညာရှင်များသည် မြန်မာ့ရေ၊ မြေသဘာဝနှင့် လိုက်လျောညီထွေသည့် စပ် မျိုးစပါး မျိုးသစ်မိဘလိုင်းများ ရရှိရန်အတွက် သုတေသနပြုလုပ်လျက်ရှိကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနထံမှ သိရသည်။

အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနဌာန (IRRI) နှင့်လည်းကောင်း၊ မြန်မာ Golden Sunland ကုမ္ပဏီက စပ်မျိုးစပါးပညာရှင်၏ အကူအညီရယူ၍လည်းကောင်း စပ်မျိုးစပါး သုတေသနကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ မိုးရာသီမှစတင်ကာ မျိုးကူးစပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်။

စပ်မျိုးစပါး မျိုးစေ့ထုတ်ရာတွင် မိဘ ၃ မျိုးပါသည့်စနစ်၊ မိဘ ၂ မျိုး ပါသည့်စနစ်နှင့် မိဘမျိုးတစ်မျိုး အသုံးပြုသည့်စနစ်ဟူ၍ သတ်မှတ်ထားရာ စပ်မျိုး စပါးသုတေသနပညာရှင်များသည် မိဘ ၃ မျိုး (A line၊ B Line၊ R Line) ပါရှိသောစနစ်တွင် အသုံးပြုလိုသည့် မိဘအတွဲများရရှိရန် သုတေသနပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မျိုးစေ့ဘဏ် (Seed Bank) မှ ရရှိသည့် ဒေသတွင်း ဖြစ်ထွန်းမှုကောင်းသော အထွက်နှုန်းကောင်းမျိုး၊  IRRI မှ ရရှိလာသော အထွက်ကောင်းမျိုးတို့ကို စပ်မျိုး စပါး သုတေသနဌာနစုရှိ အဖိုမြုံအမလိုင်းများ (CMS line) ကို အသုံးပြု၍ မျိုး ကူးစပ်ခြင်းသုတေသနများကို စပ်မျိုးစပါး သုတေသနဌာနစုမှ သုတေသနပညာရှင်အဖွဲ့က ဆောင်ရွက်နေခြင်းဖြစ်သည်။ 

ယခုအခါ အလားအလာကောင်းသည့် စပ်မျိုးအတွဲများ ရရှိနေပြီဖြစ်သောကြောင့် စမ်းသပ်မျိုးစေ့ထုတ်ခြင်း၊ ရရှိလာသော (F1) မျိုးစေ့ကို အခြားစပ်မျိုးများဖြင့် ယှဉ်ပြိုင်စိုက်ပျိုးအကဲဖြတ်ခြင်းတို့ ဆောင်ရွက်လျက်ရှိပြီး လာမည့် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် နွေစပါးရာသီတွင် စမ်းသပ်စိုက်ပျိုး မျိုးရွေးချယ်ခြင်းများ ဆောင်ရွက်ပြီးပါက (A line) နှင့် (B Line) မျိုးတွဲအသစ်များ ရရှိလာမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။ 

ထို့ပြင် တရုတ်နိုင်ငံ၏ အထောက်အပံ့ဖြင့်ဆောင်ရွက်မည့် မြန်မာ- တရုတ် စပ်မျိုးစပါးသုတေသနစင်တာ (Myanmar- China Hybrid Rice Research Center) ကို မန္တလေးတိုင်းဒေသကြီး၊ လွန်ကျော်စိုက်ပျိုးရေး သုတေသနခြံတွင် တည်ထောင်ဆောင်ရွက်ရန်ကိုလည်း သဘောတူညီချက် ရရှိထားပြီးဖြစ်ရာ မြန်မာနိုင်ငံဒေသတွင်း ဝမ်းစာဖူလုံရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်နိုင်မည့် စပ်မျိုးစပါး သုတေသနကိုလည်း ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာနထံမှ သိရသည်။         

S-07