News

POST TYPE

LATEST NEWS POST

ဝန်ထမ်းများကို မော်တော်ယာဉ်တင်သွင်းခွင့်ပြုခြင်းသည် ကားသစ်ဈေးကွက်အပေါ် သက်ရောက်မှုရှိဟုဆို
26-Oct-2020


ရန်ကုန်၊ အောက်တိုဘာ ၂၅

နိုင်ငံဝန်ထမ်းနှင့် ပြည်သူ့ဝန်ထမ်း များကို အခွန်ကင်းလွတ်ခွင့်ဖြင့် မော်တော် ယာဉ်တင်သွင်းခွင့်ပြုခြင်းသည် ကားသစ် ဈေးကွက်၏ ၃၅ ရာခိုင်နှုန်းအပေါ် အကျိုး သက်ရောက်မှုဖြစ်စေကြောင်း ဒုတိယ အကြိမ်မြောက် အစိုးရဝန်ထမ်းများကို ကားတင်သွင်းခွင့်နှင့် ဝယ်ယူခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲတွင် Automotive Association of Myanmar ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောကြားသည်။

နိုင်ငံဝန်ထမ်းနှင့် ပြည်သူ့ဝန်ထမ်း များကို အခွန်ကင်းလွတ်ခွင့်နှင့် မော်တော် ယာဉ်တင်သွင်းခွင့်ပြုခြင်းသည် ကားသစ်ဈေးကွက်၏ ၃၅ ရာခိုင်နှုန်းအပေါ် အကျိုးသက်ရောက်မှုဖြစ်စေသည့်အပြင် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံမည့် ရင်းနှီးမြှုပ်နှံမှုအသစ်များအတွက်လည်း အနုတ်လက္ခဏာ ဆောင်သွားမည်ဖြစ်ကြောင်း ယင်းရှင်းလင်းပွဲထံမှ သိရသည်။

"အခု ကမ္ဘာ့အမှတ်တံဆိပ်ပေါင်း ၄၀ လောက်ဟာ အရောင်းပြခန်းတွေ ဖွင့်လှစ်ရောင်းချနေပြီဖြစ်ပါတယ်။ ဝန်ထမ်းပါမစ်ဟာ ဒီမှာပဲ ဝယ်ယူခွင့်ဆိုတာပဲ ဖြစ်သင့်တယ်လို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူတွေလည်း ပြောနေကြတယ်။ ဒီအရောင်း ပြခန်းတွေဖွင့်လှစ်ဖို့ ကြိုးစားခဲ့ရာမှာ ပါမစ်တွေကလည်း အရမ်းခက်ခဲခဲ့တယ်။ ဖြတ်သန်းခဲ့ရတာတွေလည်း အချိန်ရော၊ ငွေရော ရင်းနှီးမြှုပ်နှံထားခဲ့ရတာပါ။ ဒီလိုဖြတ်သန်းခဲ့ရပြီးမှ အပြိုင်တင်သွင်းခွင့်ပေးပြီးတော့လုပ်မယ်ဆိုရင် လုံးဝ မျှတမှုမရှိဘဲ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေပါတယ်။ မော်တော်ယာဉ်တင်သွင်းခွင့်ထက်စာရင် ဝယ်ယူခွင့်က ပိုပြီး သဘာဝကျပါတယ်"ဟု ဦးအောင်ဝင်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဝန်ထမ်းဦးရေ  ၁ ဒသမ ၁ သန်းအနက် ၁ ရာခိုင်နှုန်းသာ ကားတင်သွင်း/ ဝယ်ယူခွင့်ပေးမည် ဆိုသော်လည်း ခွင့်ပြုသည့်ပမာဏမှာ အကြမ်းဖျဉ်းအားဖြင့် ကားအစီးရေ တစ်သောင်းတစ်ထောင်ကို ခွင့်ပြုပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ကားသစ် ရောင်းချရမှုမှာ တစ်နှစ်လျှင် အစီးရေ သုံးသောင်းကျော်သာရှိသည့်အတွက် ကားအစီးရေ တစ်သောင်းတစ်ထောင်မှာ ဈေးကွက်၏ ၃၅ ရာခိုင်နှုန်းကို သက်ရောက်မှု ရှိစေမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တရားဝင်အရောင်းပြခန်းများမှ တင်သွင်းထားသည့်ကားများသည် Custom Duty ဆောင်ပြီးသား ဖြစ်နေသည့်အတွက် ယင်းအရောင်းပြခန်းများမှ ကားများကို ဝန်ထမ်းပါမစ်အနေနှင့် ရောင်းချ၍ မရကြောင်းနှင့် အဆိုပါကားများကို Refund ပြန်လည်ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ ဟူသောအချက်ကို ဝန်ထမ်းပါမစ်နှင့် စပ်လျဉ်းသည့် ထုတ်ပြန်ကြေညာချက်တွင် မတွေ့ရှိရ ကြောင်း ယင်းရှင်းလင်းပွဲထံမှ သိရသည်။

ဆက်နိုင်