News

POST TYPE

LATEST NEWS POST

အမေရိကန်တွင် နှစ်ရက်ဆက်တိုက် ကိုဗစ်-၁၉ ပိုးတွေ့စံချိန်တင်၊ အိန္ဒိယတွင် နေ့စဉ်ကူးစက်မှု ငါးသောင်းဝန်းကျင်သို့ ပြန်ကျ
25-Oct-2020


ဝါရှင်တန်၊ အောက်တိုဘာ ၂၅

အမေရိကန်နိုင်ငံတွင် ဆောင်းဦးဝင်လာပြီဖြစ်ချိန်၌ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာနေပြီး အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကူးစက်မှုအသစ် ၈၃,၇၁၈ ဦး ရှိခဲ့သည်ဟု စီအင်န်အင်န်သတင်းတွင် ဖော်ပြထားသည်။

ပိုးတွေ့လူနာ စံချိန်တင်ခဲ့သည့် အောက်တိုဘာလ ၂၃ ရက်နေ့ထက် ၃၉ ဦးသာ လျော့နည်းခြင်းဖြစ်ရာ နှစ်ရက်ဆက်ပိုးတွေ့မှု အများဆုံးစံချိန်တင်ခဲ့သည်။ 

ကမ္ဘာတွင် ကိုဗစ်ကူးစက်မှုအများဆုံး အမေရိကန်၌ ယခုအခါ စုစုပေါင်း ကူးစက်ခံရသူ ၈ သန်းခွဲကျော်သွားပြီဖြစ်ကာ သေဆုံးသူလည်း နှစ်သိန်းကျော်သွားပြီ ဖြစ်သည်။ 

အအေးပိုလာချိန်တွင် ပွဲလမ်းသဘင်များ၊ မိသားစုပါတီပွဲများကို အဆောက်အအုံတွင်း၊ နေအိမ်တွင်းကျင်းပပြုလုပ်မှုများပြားလာရာ အလုံပိတ်ပတ်ဝန်းကျင်ကြောင့် ပိုးကူးမှုပိုများလာခြင်းဖြစ်နိုင်သည်ဟု တာဝန်ရှိသူများက သုံးသပ်ထားသည်။

အနောက်နိုင်ငံများတွင် ဆောင်းဝင်လာချိန်၌ ကူးစက်မှုပြန်လည်မြင့်တက် လာလျက်ရှိပြီး ဂျာမနီတွင်ဆိုလျှင်လည်း သေဆုံးသူ တစ်သောင်းကျော်သွားပြီဖြစ်ပြီး ၂၄ ရက်နေ့တွင် ပိုးတွေ့လူနာ ၁၄၇၁၄ ဦးဖြင့် စံချိန်တင်ခဲ့သည်။ 

ဂျာမနီအဓိပတိ အင်ဂလာမာကဲလ် က ပြည်သူများ ဖြစ်နိုင်သမျှ နေအိမ်တွင်သာ နေထိုင်ကြရန် မေတ္တာရပ်ခံထားသည်။ 

ကမ္ဘာတွင် ပိုးတွေ့လူနာ ဒုတိယအများဆုံးနှင့် အာရှတွင်အများဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံတွင်မူ ကူးစက်မှုနှုန်းမှာ တစ်စတစ်စ ကျဆင်းလာနေသည်။ 

ပြီးခဲ့သည့်လက နေ့စဉ်ပိုးတွေ့လူနာ တစ်သိန်းကျော်အထိရှိခဲ့ရာမှာ ယခုအခါ ငါးသောင်းဝန်းကျင်သာ ရှိတော့သည်ဟု သိရသည်။

အိန္ဒိယတွင် စုစုပေါင်းပိုးတွေ့လူနာ ၇ ဒသမ ၉ သန်း ရှိလာပြီး သေဆုံးသူ တစ်သိန်းကျော်အထိ ရှိသည်။ 

လက်ရှိတွင် ပျောက်ကင်းသွားသူ ၇ ဒသမ ၁ သန်း ရှိနေပြီး ကုသမှုခံယူနေသူမှာ ခုနစ်သိန်းသာ ကျန်တော့သည်ဟု အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပိုးကူးနှုန်းအမြင့်ဆုံးကာလကို ကျော်သွားပြီဟု ပညာရှင်အချို့က သုံးသပ်ကြသလို အချို့ကလည်း စစ်ဆေးသည့်နည်းလမ်းကြောင့် ပိုးတွေ့လူနာပြန်နည်းသွားခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။

ပုံမှန်သမားရိုးကျ RT-PCR စစ်ဆေးမှုထက် ပိုမိုမြန်ဆန်လွယ်ကူသော်လည်း တိကျမှုပိုင်းတွင် ပိုမိုအားနည်းသည့် Antigen စစ်ဆေးမှုကို အိန္ဒိယတွင် ယခုနောက်ပိုင်း အဓိကထားသုံးစွဲလျက်ရှိသည်။

F-05