News

POST TYPE

LATEST NEWS POST

တရုတ်နိုင်ငံတွင်း စမ်းသပ်ဆဲ Covid 19 ကာကွယ်ဆေးထိုးပေးနေသည်ဟု သတင်းထွက်သည့်မြို့များသို့ တစ်ကူးတက သွားရောက်သူများရှိနေ
24-Oct-2020


ယီဝု၊ အောက်တိုဘာ ၂၄

တရုတ်နိုင်ငံအရှေ့ပိုင်း ဇီကျန်ပြည်နယ်ရှိ ယီဝုမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများ ထိုးပေးနေသည်ဟု သတင်းကြား၍ အန်နီကူဆိုသူ ပြည်သူ အမျိုးသမီးတစ်ဦးက နေရပ်နှင့် မိုင်ပေါင်း ၆၀ဝ (၉၆၅ ကီလိုမီတာ) ကွာဝေးသည့် ကျဲဂျန်ပြည်နယ်သို့ ထွက်ခွာခဲ့သည်ဟု CNN သတင်းဌာနတွင် ဖော်ပြသည်။

ယင်းအမျိုးသမီးမှာ ချီလီနိုင်ငံတွင် နှစ်ပေါင်း ၂၀ ကျော်အောင် နေထိုင်အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး တောင်အမေရိကတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အလွန်အမင်း မြင့်မားလာချိန်တွင် တရုတ်ပြည်တောင်ပိုင်းရှိ မိမိနေအိမ်သို့ ပြန်လာခဲ့သူဖြစ်သည်။

ယီဝုမြို့တွင် ကိုရိုနာကာကွယ်ဆေး ရနိုင်မည်ဆိုသည်မှာလည်း တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။ ဒေသသတင်းဌာနအချို့၏ ဖော်ပြမှုကြောင့်သာ ထင်ရှားလာခြင်းဖြစ်သည်။

သို့သော်လည်း အန်နီကူ တရုတ်နိုင်ငံမှ ပြန်လည်ထွက်ခွာပြီး ၎င်းအလုပ် လုပ်ကိုင်သည့်နိုင်ငံသို့ ပြန်လည်သွားရောက်နိုင်ရန် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စောစောစီးစီးထိုးခွင့်ရလိုခြင်းဖြစ်သည်။ 

Covid 19 ကာကွယ်ဆေးမှာ စမ်းသပ်ဆဲအဆင့်တွင်သာ ရှိနေသေးချိန်တွင် ပြည်သူအချို့ကို ကာကွယ်ဆေးထိုးစမ်းထိုးပေးနေသည့် မြို့အနည်းစု၌ ယီဝုမြို့လည်း အပါအဝင်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများထိုးပေးနေသည်ဆိုသော ဆေးရုံသို့ CNN သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ အရေးတကြီး နိုင်ငံခြားသွားမည့် ပြည်သူများကို ကိုရိုနာဗိုင်းရပ်စ်စမ်းသပ် ကာကွယ်ဆေးများထိုးပေးလျက်ရှိသည် ဟုဖြေကြားခဲ့သည်။ 

ဇီကျန်ပြည်နယ်ရှိ ကျားရှင်မြို့တွင်မူ အရေးတကြီးလိုအပ်သော ပြည်သူများကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများ ရောင်းချပေးသွားမည်ဟု အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

ကျားရှင်မြို့ ရောဂါထိန်းချုပ်ရေးဌာန၏ တရားဝင် ဝီချက်အကောင့်တွင် အရေးပေါ်ကာကွယ်ဆေးထိုးရန်လိုအပ်သူများ ဒေသန္တရဆေးခန်းသို့ လာရောက် ထိုးနှံနိုင်ကြောင်း၊ မိမိသဘောအလျောက် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဝန်ခံကတိပြုရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ဆေးဖိုးမှာ ဒေါ်လာဖြင့် ဆိုပါက ဒေါ်လာ ၆၀ ကျမည်ဖြစ်ပြီး နှစ်ကြိမ်ထိုးရမည်ဟု လည်းဖော်ပြထားသည်။

Covid 19 ကာကွယ်ဆေးများကို တရားဝင်ရယူနိုင်ပြီဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်းကို ပြည်တွင်းသတင်းဌာန Global Times မှ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် ပြည်သူအချို့မှာ ယင်း စမ်းသပ်ဆဲကာကွယ်ဆေးထိုးခွင့်ရရန် ယီဝုနှင့် ကျီးကျန်မြို့သို့ ရထားနှင့်သော်လည်းကောင်း လေကြောင်းဖြင့်သော် လည်းကောင်း ပြည်သူအချို့ တစ်ကူးတကလာရောက်မှုများ ရပ်တန့်သွားခြင်းမရှိပေ။ 

ဇီကျန်ပြည်နယ်ရှိ အခြားမြို့များတွင်လည်း စမ်းသပ်ဆဲဆေးဝါးများ ထိုးပေးမည်ဟု ထုတ်ပြန်မှုများရှိနေသည်။

တရုတ်နိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးတရားဝင်အတည်ပြုမထားသေးသော်လည်း အစိုးရက ကာကွယ်ဆေးအမျိုးမျိုးကို အရေးတကြီးကာကွယ်ပေး ရန် လိုအပ်သူများအား ထိုးနှံပေးခဲ့ပြီးဖြစ်သည်။

ဇွန်လတွင်းက CanSino Biologics ၏ စမ်းသပ်ဆဲကာကွယ်ဆေး တစ်မျိုးကို စစ်တပ်အတွင်း အသုံးပြုရန် အတည်ပြုပေးခဲ့သည်။

နောက်သုံးလအကြာတွင် Sinopharm မှ ထုတ်သောကာကွယ်ဆေး တစ်မျိုးကို ကျန်းမာရေးဝန်ထမ်းများ၊ ပိုးကူးစက်နိုင်ခြေမြင့်မားသည့် နိုင်ငံများမှ တရုတ်သံတမန်များ၊ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေသော တရုတ်နိုင်ငံပိုင် ကုမ္ပဏီများမှ ဝန်ထမ်းများကို ထိုးနှံပေးရန် အစိုးရက အတည်ပြုပေးခဲ့သည်။

လက်ရှိတွင် တရုတ်နိုင်ငံ၌ လူအမြောက်အများ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးပြီဖြစ်သည်ဟု သိရသည်။ 

ကာကွယ်ဆေးနှစ်မျိုး တတိယအဆင့် စမ်းသပ်မှုလုပ်နေပြီဖြစ်သည့် China Natioanl Biotec Group ၏ ဥက္ကဋ္ဌ ယန်ရှောင်မင်က အစိုးရခွင့်ပြုချက်အရ အရေးပေါ် ထိုးနှံမှု ပြုလုပ်ပေးထားသူ သုံးသိန်းခွဲ ရှိသွားပြီဖြစ်သည်ဟု အောက်တိုဘာလ အစောပိုင်းက ပြောကြားခဲ့သည်။
    
F-05