News

POST TYPE

LATEST NEWS POST

လေကြောင်းခရီးစဉ်အတွင်း COVID-19 ကူးစက်ခံရနိုင်သည့်အန္တရာယ်မှာ လွန်စွာနည်းပါးဟု WHO ထုတ်ပြန်
23-Oct-2020


ဂျနီဗာ၊ အောက်တိုဘာ ၂၃

လေကြောင်းခရီးစဉ်(ခရီးသည်တင်လေယာဉ်)များတွင် COVID-19 ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမည့် အန္တရာယ်မှာ လွန်စွာနည်းပါးကြောင်း၊ သို့သော်လည်း လုံးလုံးလျားလျားကူးစက်မှုမရှိနိုင်ဟု သတ်မှတ်၍မရနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လေကြောင်းခရီးစဉ်များအတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာသည်။

လေယာဉ်ခရီးစဉ်များအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအနည်းငယ်သာရှိသည်ဟု လေ့လာတွေ့ရှိချက်များရှိသည်မှာမှန်သော်လည်း အမှန်တကယ်ကူးစက်ခံရနိုင်သည့်အန္တရာယ်မှာ နည်းပါးလွန်းကြောင်း WHO ကဆိုသည်။

“လေယာဉ်ပျံထဲတွင် ရောဂါကူးစက်ခံရနိုင်သည်မှာမှန်သော်လည်း အမှန်တကယ်ကူးစက်ခံရခြေမှာ အလွန်အမင်းနည်းပါးလွန်းပါသည်။ အကြောင်းမှာ ခရီးသွားလာသူဦးရေနည်းပါးသလို လေယာဉ်ပေါ်တွင်ကူးစက်ခံရမှုဆိုသည်မှာလည်း နည်းပါးလွန်းသောကြောင့်ဖြစ်သည်” ဟု WHO ကထုတ်ပြန်သောကြေညာချက်ကဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းထုတ်ပြန်ခဲ့သော အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ သုတေသနပြုလေ့လာချက်ကလည်း လေကြောင်းခရီးစဉ်များပေါ်တွင် ကပ်ရောဂါကူးစက်ခံရနိုင်ခြေမှာ အလွန်နည်းပါးသည်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စုအခြေစိုက် United Airlines နှင့် Southwest Airlines တို့အဆိုအရ လေကြောင်းခရီးစဉ်များတွင် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသည်ဟူသောကိစ္စမှာ မရှိသလောက်ရှားပါးကြောင်း ပြောကြားသည်။

လေယာဉ်ပေါ်တွင် အလယ်တန်းမှထိုင်ခုံများ၌ ခရီးသည်တင်ဆောင်ခြင်းမရှိဘဲ ဘေးခုံများတွင်သာ တင်ဆောင်ခွင့်ပြုထားသော Southwest Airlines က အဆိုပါ WHO ၏ လေ့လာတွေ့ရှိချက်ကြောင့် အလယ်ခုံများတွင် ခရီးသည်များအတွက်နေရာပြန်လည်ရောင်းချမည်ဖြစ်ကြောင်း ကြေညာသည်။

WHO ၏ အဆိုအရ လေကြောင်းခရီးစဉ်အတွင်း ကပ်ရောဂါကူးစက်ခံရမှုဟူ၍ ရှားရှားပါးပါးနှစ်ခုသာရှိခဲ့ကြောင်း၊ တစ်ခုမှာ လန်ဒန်မှ ဟနွိုင်းခရီးစဉ်ဖြစ်ပြီး ကျန်တစ်ခုမှာ စင်ကာပူမှ တရုတ်ပြည်ခရီးစဉ်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်ပေါ့စတစ်ဖြစ်နေသောလူနာ သို့မဟုတ် ပေါ့စတစ်လူနာနှင့်သေချာပေါက်ထိတွေ့ဆက်ဆံထားသူများကို လေကြောင်းခရီးစဉ်ဖြင့် သွားလာခွင့်မပြုသင့်ဟု WHO ကဆိုသည်။

ယနေ့ခေတ်ကာလ အဆင့်မြင့်ဂျက်လေယာဉ်များတွင်တပ်ဆင်ထားသော လေပေးစနစ်မှာ ဗိုင်းရပ်စ်များနှင့် ရောဂါပိုးများကို ကာကွယ်ဟန့်တားနိုင်ကြောင်း WHO ကဆိုသည်။