News

POST TYPE

LATEST NEWS POST

အမျိုးသမီးတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ တန်ဖိုးရှိ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးမည်
20-Oct-2020
ဓာတ်ပုံ-ကျန်းမာရေးဝန်ကြီးဌာန

ရန်ကုန်၊ အောက်တိုဘာ ၂၀

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသက် ၉ နှစ်မှ ၁၀ နှစ်အထိ မိန်းကလေးဦးရေ လေးသိန်းခွဲကို HPV ပိုးကြောင့်ဖြစ်ပွားသော သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို စတင်ထိုးနှံပေးမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ယင်းကဲ့သို့ပြောကြားခြင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် HPV ကာကွယ်ဆေးစတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့် ဖွင့်ပွဲအခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါကာကွယ်ဆေးထိုးအစီအစဉ်သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်၏ ၁၃ ခုမြောက်ကာကွယ်ဆေးထိုးအစီအစဉ်ဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာရောဂါသည် နိုင်ငံအနှံ့အပြားတွင်ရှိသည့် အမျိုးသမီးများတွင် စတုတ္ထမြောက်ဖြစ်ပွားမှုအများဆုံး ကင်ဆာရောဂါဖြစ်ကာ မြန်မာနိုင်ငံ၏အမျိုးသမီးများအတွက် ဖြစ်ပွားမှုအများဆုံးဖြစ်သည့် ကင်ဆာရောဂါဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

မြန်မာနိုင်ငံတွင် သားအိမ်ကင်ဆာဖြစ်ပွားသူ အမျိုးသမီး ၆၄၇၂ ဦးရှိပြီး ရောဂါကြောင့်သေဆုံးသူ အမျိုးသမီး ၃၈၅၆ ဦးရှိကာ မြန်မာ့အမျိုးသမီးဦးရေ တစ်သိန်းတွင် ၂၁ ဦးခန့်ဖြစ်ပွားပြီး ၁၃ ဦးသေဆုံးသည့်အတွက် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။

ယခုနှစ်အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်အရ HPV ကာကွယ်ဆေးကိုထည့်သွင်းပြီး ၂၀၁၀ စက်တင်ဘာ မှ ၂၀၁၁ သြဂုတ်လအတွင်း မွေးဖွားခဲ့သည့် ရည်မှန်းအသက်အုပ်စုဝင် မိန်းကလေးများအားလုံးကို တစ်ကြိမ်နှင့်တစ်ကြိမ် ၁၂ လခြားကာ ၂ ကြိမ်ထိုးနှံပေးမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

မိန်းကလေးတစ်ဦးအတွက် HPV ကာကွယ်ဆေး တစ်ကြိမ်စာတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဖြစ်သည့်အတွက် နိုင်ငံတော်ဘဏ္ဍာမှ ၂၀ ရာခိုင်နှုန်းပံ့ပိုးထည့်ဝင်ကာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Gavi,the vaccine alliance က ၈၀ ရာခိုင်နှုန်း ကူညီကုန်ကျခံမည်ဖြစ်ပြီး ၂၀၂၅ နောက်ပိုင်းတွင် နိုင်ငံတော်ကအလုံးစုံကျခံရမည်ဖြစ်သည်။

S-09