News

POST TYPE

LATEST NEWS POST

ပေါင်းတည်မြို့တွင် ပုပ်ပွသေဆုံးနေသော ကျောင်းဆရာမ ရုပ်အလောင်းတွေ့
20-Oct-2020
ရန်ကုန်၊ အောက်တိုဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ရေချိုးခန်းအတွင်း ပုပ်ပွသေဆုံးနေသော ကျောင်းဆရာမ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီးနောက် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သေဆုံးသူ အလယ်တန်းပြကျောင်းဆရာမ ဒေါ်သဉ္ဇာဝင်း (၃၃)နှစ်ထံ ၎င်း၏ အဒေါ်ဖြစ်သူက ဖုန်းအကြိမ်ကြိမ် ဆက်သွယ်ခေါ်ဆိုခဲ့သော်လည်း ဖုန်းမကိုင်သဖြင့်

အောက်တိုဘာလ ၉ ရက် မွန်းလွဲပိုင်းက ကျောင်းဆရာမနေထိုင်သော ပေါင်းတည်မြို့၊ အင်းကြီးကျေးရွာရှိ နေအိမ်သို့ လာရောက်ခဲ့သည်။

နေအိမ်သို့ ရောက်ရှိစဉ် အိမ်တံခါးအား အပြင်မှသော့ပိတ်ထားသည်ကို တွေ့ရှိပြီး နေအိမ်အတွင်းမှ အပုပ်နံ့များရရှိသောကြောင့် မသင်္ကာသဖြင့် အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့ပြီး အိမ်ထဲဝင်ရောက်စစ်ဆေးရာ ရေချိုးခန်းထဲ၌ ပုပ်ပွသေဆုံးနေသော ဒေါ်သဉ္ဇာဝင်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

ရဲတပ်ဖွဲ့က ရုပ်အလောင်းအား စစ်ဆေးရာ ဒေါ်သဉ္ဇ္စာဝင်းမှာ ဦးခေါင်းခွံ အက်ကွဲဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ၎င်းနှင့် ခင်ပွန်းဖြစ်သူ ဇွဲသစ္စာမိုး(ခ)ဇီးကွက် (၃၂)နှစ်တို့မှာ ယင်းနေအိမ်၌ ငှားရမ်းနေထိုင်ကြကြောင်းနှင့် လွန်ခဲ့သည့် လေးရက်ခန့်က လင်မယားနှစ်ဦး စကားများရန်ဖြစ်ပြီး ဇွဲသစ္စာစိုး(ခ) ဇီးကွက်မှာ နေအိမ်မှ အပြင်သို့ ဆိုင်ကယ်မောင်းနှင်ထွက်သွားသည်ကို မြင်တွေ့မိခဲ့ကြောင်း အိမ်ချင်းကပ်နေထိုင်သော အခင်းဖြစ်နေအိမ်ပိုင်ရှင် အမျိုးသားထံမှသိရသည်။ 

အဆိုပါလူသတ်မှုဖြစ်စဉ်မှ ထွက်ပြေးတိမ်းရှောင်နေသူ ဇွဲသစ္စာ(ခ)ဇီးကွက်ကို စစ်ဆေးမေးမြန်းနိုင်ရန် ပေါင်းတည်မြို့မရဲစခန်းမှ (ပ)၁၈၈/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03