News

POST TYPE

LATEST NEWS POST

မြောက်ပိုင်းခရိုင် လမ်းဦးစီးဌာနမှ လုံခြုံရေးဝန်ထမ်း အသတ်ခံရမှု တရားခံ သုံးဦးကို ဖမ်းဆီး
18-Oct-2020


ရန်ကုန်၊ အောက်တိုဘာ ၁၇

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ခရိုင်လမ်းဦးစီးဌာနမှ လုံခြုံရေးဝန်ထမ်း တစ်ဦး အသတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားခံ သုံးဦးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ဖမ်းဆီးခံရသူ သုံးဦးမှာ လှိုင်သာယာ (အနောက်ပိုင်း)မြို့ နယ်၊ မြောက်ပိုင်းခရိုင်လမ်းဦးစီးဌာနတွင် လုံခြုံ‌ရေးဝန်ထမ်း လုပ်ကိုင်နေသော အသက်(၆၄)နှစ်အရွယ် အမျိုးသားကို သတ်၍ ရွှေထည်ပစ္စည်းများ လုယူခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ပြီး ၎င်းမှာ လက်နှစ်ဖက်ကို စွပ်ကျယ်အင်္ကျီဖြင့်ချည်နှောင်ခံထားရ၍ ပါးစပ်ထဲ ပုဝါစ ထိုးထည့်ခံထားရသည်ကို ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါ အမှုမှ ပြစ်မှူကျူးလွန်သူကို ဖော်ထုတ် ဖမ်းဆီးနိုင်ရန် အခင်းဖြစ်နေရာရှိ CCTV မှတ်တမ်း စစ်ဆေးခဲ့ပြီး သေဆုံးသူနေရာအနီးရှိ နံရံမှ ပြက္ခဒိန်ပေါ်တွင် ရေးမှတ်ထားသော အောက်တိုဘာလ ၉ ရက်၌ ငွေကျပ်ခုနှစ်သောင်းဖြင့် နားကပ်ပေါင်နှံလက်ခံထားသော စာကိုတွေ့ရှိခဲ့သည်။

ယင်းနောက် အမှုအား ဆက်လက်စုံစမ်းစစ်ဆေးရာ နားကပ်ပေါင်နှံထားသူမှာ ယင်းမြို့နယ်ရှိ အပြင်ပဒံကျေးရွာတွင် နေထိုင်သော ဒေါ်ခင်ဌေး(၃၉)နှစ် ဖြစ်ကြောင်း သိရှိ၍ အောက်တိုဘာလ ၁၆ ရက်က ၎င်းနှင့် မွေးစားသား ဇင်မင်းထွန်းတို့ကို ဖမ်းဆီးစစ်ဆေးခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ဒေါ်ခင်ဌေး၏ ခင်ပွန်းဖြစ်သူ ကျော်ကြီးမှာ ငွေလိုသဖြင့် သေဆုံးသူအမျိုးသားကို သတ်ပြီး ရွှေနားကပ်၊ လက်စွပ်သုံးကွင်းနှင့် ဆွဲကြိုး တစ်ကုံးကို လုယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ရာ ကျော်ကြီးကို အောက်တိုဘာလ ၁၇ ရက် က ထပ်မံဖမ်းမိခဲ့သည်။

ဖမ်းမိသူ သုံးဦးအား လှိုင်သာယာ(အနောက်ပိုင်း)မြို့မရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့်အရေးယူ၍ အခြားကျူးလွန်ခဲ့သော အမှုများရှိမရှိ တိုက်ဆိုင်စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03