News

POST TYPE

LATEST NEWS POST

နေအိမ် Lockdown ပြုလုပ်မှုကို လက်မခံသော အမျိးသမီးသုံးဦးအား အမှုဖွင့်
17-Oct-2020
ရန်ကုန်၊ အောက်တိုဘာ ၁၇

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ကျောင်းကုန်းကျေးရွာတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသဖြင့် နေအိမ်အား Lockdown ပြုလုပ်သည်ကို လက်မခံသော အမျိုးသမီးသုံးဦးအား အမှုဖွင့်အရေးယူထားသည်။

သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူခံရသော အမျိုးသမီးသုံးဦး၏ ဖခင်မှာ ကိုဗစ်ရောဂါပိုးကူးစက်ခံနေရကြောင်း ဆေးစစ်ချက်အရသိရသဖြင့် ယင်းနေအိမ်ကို Lockdown ပြုလုပ်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အောက်တိုဘာလ ၁၅ ရက်က သတင်းထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သော ရွှေပြည်သာမြို့နယ်၊ ကျောင်းကုန်းကျေးရွာ သရက်တောလမ်းတွင်နေထိုင်သည့် အမျိုးသားတစ်ဦးမှာ ယင်းရောဂါပိုး ကူးစက်ခံနေရကြောင်း သိရှိရသဖြင့် အဆိုပါနေအိမ်ကို Lockdown ပြုလုပ်ရန် မြို့နယ်ကျန်းမာရေးအဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့တို့က ဆောင်ရွက်ခဲ့ကြသည်။

ရောဂါပိုးတွေ့ရှိသူ အမျိုးသားနှင့်ထိစပ်ခဲ့သော ယင်းမိသားစုမှ သမီးဖြစ်သူ မဥမ္မာဌေး၊ မထက်ထက်နှင့် မသီတာအေးတို့ သုံးဦးမှ Quarantine ဝင်ရန် မြို့နယ်ကျန်းမာရေးအဖွဲ့က ဆောင်ရွက်စဉ် ၎င်းတို့ကငြင်းဆန်ပြီး မသီတာအေးက Lockdown ပြုလုပ်ရန် တားဆီးထားသော စည်းကြိုးများကို ဖြတ်တောက်ခဲ့သည်။

ကွာရန်တင်းဝင်ရန် မလိုက်နာခြင်းနှင့် စည်းကြိုးများဖြတ်တောက်ခဲ့သည့် ၎င်းတို့ ညီအစ်မသုံးဦးကို အရေးယူပေးရန် မြို့နယ်ပြည်သူကျန်းမာရေးနှင့် ကုသ‌ရေးဦးစီးဌာနမှ တိုင်ကြားလာသဖြင့် ရွှေပြည်သာမြို့နယ် လှော်ကားနယ်မြေရဲစခန်းမှ (ပ)၁၃၃၅/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၆/၃၀(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03