News

POST TYPE

LATEST NEWS POST

COVID-19 သေဆုံးလူနာများ၏ ၉၅ ရာခိုင်နှုန်းသည် နာတာရှည်အခံရောဂါ ရှိသူများဖြစ်
17-Oct-2020
ရန်ကုန်၊အောက်တိုဘာ ၁၇

မြန်မာနိုင်ငံမှ COVID-19 သေဆုံးလူနာများ၏ ၉၅ ရာခိုင်နှုန်းသည် နာတာရှည်အခံရောဂါရှိသူများဖြစ်သဖြင့် COVID-19 သံသယလက္ခဏာ ခံစားရခြင်းရှိပါက ကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြားပြသရန် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေး ကပြောကြားသည်။

အောက်တိုဘာလ ၁၆ က Video conferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိဆောင်ရွက်နေသည့် COVID-19 ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအား ဆန်းစစ်သုံးသပ်မှု အပတ်စဉ်အစည်းအဝေးသို့ တက်ရောက်စဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

နာတာရှည်ရောဂါများဖြစ်သည့် ဆီးချို၊ သွေးတိုး၊ နှလုံးနှင့်သွေးကြော၊ ကျောက်ကပ်၊ ကင်ဆာ၊ အဆုတ်ရောဂါ အစရှိသည့် အခံရောဂါရှိသူများနှင့် သက်ကြီးရွယ်အိုများသည် COVID-19 ကူးစက်ရောဂါဖြင့် သေဆုံးနေကြရသည့်အတွက် ယင်းကဲ့သို့ အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါအခံရှိသူများအနေဖြင့် နေအိမ်တွင်နေထိုင်ရာတွင်လည်း အခြားသူများနှင့် ခပ်ခွာခွာနေထိုင်ခြင်း၊ ထမင်းစားရာတွင် သီးခြားခွဲစားသောက်ခြင်းနှင့် သီးခြားအိပ်စက်ခြင်းတို့ကို မဖြစ်မနေပြုလုပ်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စု၀န်ကြီးကပြောဆိုခဲ့သည်။

အောက်တိုဘာလ ၁၆ ရက်​ ညရှစ်နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၁၁၃၈ ဦးထပ်မံတွေ့ရှိခဲ့ပြီး သေဆုံးလူနာမှာလည်း ၃၄ ဦးထပ်မံတွေ့ရှိလာရသည့်အတွက် အတည်ပြုလူနာစုစုပေါင်း ၃၃၄၈၈ ဦးရှိကာ သေဆုံးလူနာသစ် ၃၄ ဦးအနက် ၂၉ ဦးမှာ ရောဂါအခံရှိသူများပါ၀င်သည်။

S-09