News

POST TYPE

LATEST NEWS POST

ရှမ်းပြည်နယ် ဝန်ကြီးချုပ်နေအိမ်မှ ဆိုင်ကယ်ခိုးယူသွားသူကို ဖမ်းမိ
16-Oct-2020


ရန်ကုန်၊ အောက်တိုဘာ ၁၆

လားရှိုးမြို့နယ်အတွင်းရှိ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၏ နေအိမ်ခြံဝင်းအတွင်းမှ ဆိုင်ကယ်တစ်စီးကို ခိုးယူသွားသော အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြစ်မှုကျူးလွန်သူမှာ လားရှိုးမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ မေတ္တာရောင်ခြည်ဘုန်းတော်ကြီးကျောင်းအနီးတွင် နေထိုင်သော တင်မောင်ကြည်ဖြစ်ပြီး အမှတ်(၁၀)ရပ်ကွက်အတွင်းရှိ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၏ နေအိမ်ခြံဝင်းထဲ ဝင်ရောက်ပြီး ဂိုဒေါင်အတွင်းရှိ ဆိုင်ကယ်တစ်စီးကို ခိုးယူခဲ့ခြင်းဖြစ်သည်။

ယင်းနေအိမ်ခြံဝင်းကို စောင့်ရှောက်နေသော အမျိုးသားမှာ အောက်တိုဘာလ ၁၅ ရက် နံနက်ပိုင်းက ခြံဝင်းထဲ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ရန် အလုပ်သမားစေလွှတ်စဉ် ခြံတံခါးသော့မှာ ဖွင့်မရကြောင်း ပြောသဖြင့် သွားရောက်စစ်ဆေးခဲ့သည်။

ခြံတံခါးသော့မှာ ၎င်းခတ်ထားသည့် သော့မဟုတ်ဘဲ အခြားသော့ဖြစ်နေသောကြောင့် သော့ကိုဖျက်ဆီးပြီး ဝင်ရောက်စစ်ဆေးရာ ဂိုဒေါင်ထဲရှိ ဆိုင်ကယ်တစ်စီးမှာ ပျောက်ဆုံးနေပြီး နေအိမ်အတွင်းရှိ ပစ္စည်းများကိုလည်း မွှေနှောက်ထားကြောင်း တွေ့ရှိရသဖြင့် ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးအရေးယူပေးပါရန် ရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားခဲ့သည်။

ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ရာ ပျောက်ဆုံးနေသော ဆိုင်ကယ်မှာ အမှတ်(၉)ရပ်ကွက်အတွင်းရှိ ဆိုင်ကယ်ပြင်ဆိုင်၌ ပြင်ဆင်နေကြောင်း သိရှိရသဖြင့် ဆိုင်ကယ်လာရောက်ပြင်သူကို စုံစမ်းမေးမြန်းရာ တင်မောင်ကြည်ဖြစ်ကြောင်း သိရှိခဲ့ရပြီး ၎င်းကို ဖမ်းဆီး၍ လားရှိုးနယ်မြေရဲစခန်းမှ (ပ) ၁၄၃/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ တင်မောင်ကြည်မှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ နေအိမ်ခြံဝင်းတံခါးကို ဖွင့်၍ ဆိုင်ကယ်ခိုးယူခဲ့ပြီး ၎င်းတွင်ပါရှိသော သော့ဖြင့် ခြံဝင်းတံခါးကို ပြန်လည်ပိတ်ခဲ့ကြောင်း သိရှိခဲ့ရာ အခြားကျူးလွန်ထားသော ပြစ်မှုများရှိမရှိကို ဆက်လက်တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03