News

POST TYPE

LATEST NEWS POST

နေပြည်တော်တွင် လူသတ်၍ ရွှေထည်ပစ္စည်းများ လုယူသွားသူကို ဖမ်းမိ
15-Oct-2020
ရန်ကုန်၊ အောက်တိုဘာ ၁၅ 

ပုဗ္ဗသီရိမြို့နယ်ရှိ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး၏ ဇနီးဖြစ်သူကိုသတ်ပြီး ရွှေထည်ပစ္စည်းများလုယူသွားသူကို အောက်တိုဘာလ ၁၄ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။

အသတ်ခံရသူ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာ သပြေလမ်းရှိအလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး၏ ဇနီး အသက် (၅၂)နှစ်မှာ နေအိမ်ခြံဝင်းအတွင်း ဦးခေါင်းပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို အောက်တိုဘာလ ၉ ရက် ညနေပိုင်းက တွေ့ရှိခဲ့သည်။

ယင်းအပြင် အိပ်ခန်းအတွင်းရှိ မီးခံသေတ္တာထဲမှ ရွှေထည်ပစ္စည်းများနှင့် လက်ကိုင်ဖုန်းတစ်လုံးမှာ ပျောက်ဆုံးနေသောကြောင့် ပြစ်မှုကျူးလွန်သူကို ဖမ်းမိရန် စုံစမ်းစစ်ဆေးခဲ့သည်။

တန်ဖိုးငွေကျပ် သိန်း ၁၆၀ ကျော်ရှိ ရွှေထည်ပစ္စည်းများ ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာ အောက်တိုဘာ ၁၃ ရက်က သပြေကုန်းဈေးရှိ ရွှေဆိုင်တစ်ဆိုင်သို့ အမျိုးသားတစ်ဦးက ရွှေဝယ်ဘောင်ချာမပါဘဲ ရွှေဆွဲကြိုးလာရောက်ပေါင်နှံခဲ့ကြောင်း သိရှိခဲ့သည်။

CCTV မှတ်တမ်းအရ ရွှေဆွဲကြိုးလာပေါင်သည့် အမျိုးသားစီးနင်းလာသော ဆိုင်ကယ်နံပါတ်နှင့် လူပုံသဏ္ဍာန်ကို စိစစ်ခဲ့ပြီးနောက် အောက်တိုဘာ ၁၄ ရက်တွင် ယင်းဆိုင်ကယ်ဖြင့် ၎င်းအမျိုးသားက မြို့မဈေးရှိ ရွှေဆိုင်တစ်ဆိုင်၌ ရွှေဆွဲကြိုးတစ်ကုံး ထပ်မံလာရောက်ရောင်းချကြောင်း သတင်းရရှိသဖြင့် ဖမ်းဆီးစစ်ဆေးမေးမြန်းခဲ့သည်။

ဖမ်းမိသူ ကြည်ရှိန်(၄၆)နှစ်မှာ ဒက္ခိဏသီရိမြို့နယ်၊ထန်းတပင်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ပုဗ္ဗသီရီမြို့နယ်၊ သပြေလမ်းတွင် နေထိုင်သော အမျိုးသမီးတစ်ဦးကိုသတ်၍ ယင်းနေအိမ်အတွင်းရှိ ရွှေထည်ပစ္စည်းများကို ယူဆောင်၍ လိုက်လံရောင်းချပေါင်နှံခဲ့ကြောင်း သိရှိခဲ့ရသည်။

အဆိုပါအမှုမှ ပြစ်မှုကျူးလွန်သူကို ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရအမှုဖွင့် အရေးယူစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03