News

POST TYPE

LATEST NEWS POST

နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်ကို ထောင်ပြေးမှုဖြင့် ဖမ်းဆီး
30-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၃၀

နှင်းဆီပါတီဟု ခေါ်ဝေါ်နေသည့် UDP(ညီညွတ်သော ဒီမိုကရက်တစ်ပါတီ)မှ ဥက္ကဠဖြစ်သူ ဦးကျော်မြင့်ကို စက်တင်ဘာလ ၂၉ ရက် ည ၁၀ နာရီခန့်က သက်ဆိုင်ရာတာဝန်ရှိသူများက ထောင်ပြေးမှုဖြင့် ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူ ဦးကျော်မြင့်မှာ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ပန်းလှိုင်အိမ်ရာတွင် နေထိုင်သူဖြစ်ပြီး အခင်းဖြစ်ညက သက်ဆိုင်ရာတာဝန်ရှိသူများမှ ၎င်းအားလာရောက်ဖမ်းဆီးခဲ့ကြောင်း ယင်းမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်များထံမှ သိရသည်။

“ညက လာဖမ်းတာဟုတ်တယ် ။ အဖွဲ့အစည်းပေါင်းစုံ အကုန်ပါလာတယ်။ မန္တလေးအိုးဘိုထောင်က ထွက်ပြေးမှုလို့တော့ ကနဦး သိရပေမယ့် အသေးစိတ်တော့ ခုချိန်ထိမသိရသေးဘူး ။” ဟု ဦးကျော်မြင့်အား ဖမ်းဆီးချိန်ကပါဝင်ခဲ့သူ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

အဆိုပါ သတင်းနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခြင်းမရှိခဲ့သော်လည်း နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယင်းဖြစ်စဉ်မှာ မှန်ကန်ကြောင်းနှင့် နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်ကို ပုဒ်မ ၂၂၄ အရ ဖမ်းဆီးအရေးယူထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးခံရသူ ဦးကျော်မြင့်၏ နှင်းဆီပါတီမှာ လက်ရှိအာဏာရ ပါတီဖြစ်သော NLD ပါတီပြီးလျှင် ဒုတိယအများဆုံး ဝင်ပြိုင်မည်ပါတီဖြစ်ပြီး နှင်းဆီပါတီခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)ပါတီ ဥက္ကဌဦးကျော်မြင့်မှာ ထောင်ပြေးဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံသားပတ်စ်ပို့ကိုင်ဆောင်၍ ကနေဒါနိုင်ငံတွင် နေထိုင်သွားလာခွင့်ရရှိခဲ့သူဖြစ်ကြောင်း Myanmar Nows သတင်းဌာနက ထုတ်ဖော်ရေးသားခဲ့သည်။

ယင်းအပြင် ပါတီအတွက် ငွေကြေးအမြောက်အများ သုံးစွဲခြင်း၊ ပါတီဝင်များကို ၎င်းပိုင်ကုမ္ပဏီမှ ငွေကြေးထောက်ပံ့မှုပေးနေခြင်းမှာ ဥပဒေအရ ငြိစွန်းမှု ရှိမရှိကို သက်ဆိုင်ရာတာဝန်ရှိသူများက လတ်တလောတွင် စုံစမ်းစစ်ဆေးလျက်ရှိကြောင်းနှင့် ၎င်းမှာ ‘ဝ’ တပ်ဖွဲ့နှင့်ဆက်စပ်သည်ဆိုသော မြန်မာကျုံယွမ် ကုမ္ပဏီကို ဦးဆောင်လုပ်ကိုင်ခဲ့သူဖြစ်သည်။

သို့သော် ၁၉၉၈ ခုနှစ်တွင် မြန်မာကုမ္ပဏီများ အက်ဥပဒေအရ ချိုးဖောက်မှု၊ ငွေကြေးမသမာမှုများဖြင့် ၎င်းမှာထောင်ဒဏ် ၉ နှစ် ကျခံစေရန် အမိန့်ချမှတ်ခံရပြီး တစ်နှစ်အကြာတွင် ကျန်းမာရေးမကောင်းမွန်ကြောင်း အကြောင်းပြ၍ မန္တလေးဆေးရုံသို့ တက်ရောက်ကုသမှုခံယူနေစဉ်တွင် ထွက်ပြေးလွတ်မြောက်ခဲ့သူဖြစ်သည်။

S-03