News

POST TYPE

LATEST NEWS POST

မူးယစ်ရဲတပ်ဖွဲ့ဝင်တစ်ဦး လှိုင် Quarantine စင်တာအဆောက်အဦ လေးလွှာမှ ခုန်ချသေဆုံး
28-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၂၈

လှိုင်မြို့နယ်အတွင်ရှိ Quarantine စင်တာတစ်ခုတွင် Quarantine ဝင်နေသော မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးမှာ စင်တာရှိ လေးလွှာပေါ်မှ ခုန်ချသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးခဲ့သူမှာ လှိုင်မြို့နယ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှဖြစ်ပြီး ၎င်းမှာ လှိုင်မြို့နယ်၊ အမှတ်(၁၂) ရပ်ကွက်အတွင်းရှိ မင်းဓမ္မပညာရိပ်သာ Quarantine စင်တာတွင် Quarantine ဝင်နေသူလည်းဖြစ်သည်။

အဆိုပါ သေဆုံးသူမှာ စက်တင်ဘာလ ၂၈ ရက် နံနက် ၄ နာရီခွဲက Quarantine စင်တာ လေးလွှာပေါ် မှ ခုန်ချခဲ့သောကြောင့် ထိခိုက်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။

"သေဆုံးသွားသူက အရက်စွဲနေတဲ့သူလို့လည်း သိရတယ်။ ဟုတ်မဟုတ်ဆိုတာတော့ စိစစ်နေပါတယ်။ သူက စိတ်ကျဉ်းကြပ်တယ်ဆိုပြီး လေးလွှာပေါ်က ခုန်ချသွားတာ " ဟု ရဲအရာရှိတစ်ဦးက ဆိုသည်။

လှိုင်မြို့နယ်တွင် Quarantine ဝင်နေသူဦးရေမှာ တစ်ထောင်ကျော်ရှိကြောင်း မြို့နယ်သက်ဆိုင်ရာတာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။

S-03