News

POST TYPE

LATEST NEWS POST

COVID-19 ဒုတိယလှိုင်းဖြစ်နိုင်သည့်အန္တရာယ်ကြောင့် မြန်မာအလုပ်သမားများကို မငှားရန် ထိုင်းအာဏာပိုင်များ သတိပေး
24-Sep-2020

ဓာတ်ပုံ - ထိုင်းနိုင်ငံထဲသို တရားမဝင် ဝင်ရောက်လာသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို စက်တင်ဘာလဆန်းပိုင်းက မဲဆောက်ခရိုင်တွင် ထိုင်းလုံခြုံရေးအာဏာပိုင်များက ဖမ်းဆီးခဲ့စဉ်။ (Bangkok Post.)

ဘန်ကောက်၊ စက်တင်ဘာ ၂၄

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု မြင့်တက်နေခြင်းကြောင့် ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် ပြည်ပအလုပ်သမားများ၊ အထူးသဖြင့် မြန်မာအလုပ်သမားများကို ငှားရမ်းအလုပ်ခန့်အပ်ခြင်းမပြုလုပ်သင့်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာနက သတိပေးပြောကြားထားကြောင်း Bangkok Post သတင်းစာက ရေးသားဖော်ပြသည်။

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက်ရောဂါထိန်းချုပ်ရေးဌာန(DDC) မှ ညွှန်ကြားရေးမှူးချုပ် ဆူဝါနာချိုင်းဝတ်တာနာယာချာရွန်ချိုင်း၏က ထိုင်းနိုင်ငံတွင် COVID-19 ကမ္ဘာ့ကပ်ရောဂါ ဒုတိယလှိုင်းမဖြစ်ပေါ်အောင်ကာကွယ်နိုင်ရေးအတွက် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအနေနှင့် ပြည်ပလုပ်သားများနှင့် အထူးသဖြင့် မြန်မာအလုပ်သမားများကို ငှားရမ်းအလုပ်ခန့်ခြင်းမပြုလုပ်ရန် တိုက်တွန်းပြောကြားသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းမြင့်တက်နေသည့်အခြေအနေမှာ အလွန်အမင်းစိုးရိမ်ဖွယ်ရာ အနေအထားတွင်ရှိသည်ဟု ၎င်းကပြောကြားသည်။
ယမန်နေ့၊ ဗုဒ္ဓဟူးနေ့တစ်ရက်တည်း မြန်မာနိုင်ငံ၌ ဓာတ်ခွဲအတည်ပြုလူနာ ၆၀၀ နီးပါးတွေ့ရှိခဲ့သည့်ကိစ္စကို စုံစမ်းသိရှိခဲ့ပြီးနောက် DDC အနေနှင့် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ မြန်မာမြို့များကို အနီးကပ်စောင့်ကြည့်လေ့လာလျက်ရှိကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာဦးရေမြင့်တက်နေမှုသည် အိန္ဒိယနိုင်ငံတွင်ဖြစ်ပေါ်နေသော ပိုးတွေ့လူနာဦးရေမြင့်တက်နေမှုနှင့် ပုံစံချင်းတူညီနေကြောင်း ၎င်းကဆိုသည်။ အိန္ဒိယနိုင်ငံတွင် ယခုအခါ တစ်နေ့လျှင် ယင်းဗိုင်းရပ်စ် ပိုးတွေ့လူနာဦးရေ ပျမ်းမျှတစ်သိန်းနီးပါးအထိရှိလာသည်။

“ထိုင်းနိုင်ငံထဲကို နယ်စပ်ကနေတစ်ဆင့် တရားမဝင် ဝင်ရောက်လာမယ့်သူတွေကို ဟန့်တားဖို့ အဖွဲ့အစည်းတွေ ပူးပေါင်းပြီးလုပ်ကိုင်နေပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့အတူ ထိုင်းနိုင်ငံတွင်း ခြေကုပ်ယူလှုပ်ရှားနေသော လူကုန်ကူးသည့်ဂိုဏ်းများကိုလည်း ပြင်းထန်စွာအရေးယူသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။