News

POST TYPE

LATEST NEWS POST

အမေရိကန် လူမည်းအမျိုးသမီးပစ်ခတ်ခံရမှုအပေါ် တရားစီရင်သည့်ကိစ္စကို မကျေနပ်၍ ဆန္ဒပြပွဲ၌ ရဲအရာရှိနှစ်ဦးပစ်ခတ်ခံရ
24-Sep-2020


ဝါရှင်တန်၊ စက်တင်ဘာ ၂၄

ပြီးခဲ့သည့် မတ်လက လူမည်းအမျိုးသမီးတစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြသည့် ရဲအရာရှိများကို အရေးမယူရန် တရားရုံးက ဆုံးဖြတ်ခဲ့မှုအပေါ် မကျေနပ်သူထောင်ပေါင်းများစွာက လူးဝစ္စဗီလီမြို့၌ဆန္ဒပြခဲ့ကြရာတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးပစ်ခတ်ခံလိုက်ရကြောင်း အမေရိကန်မီဒီယာများကရေးသားဖော်ပြသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့က ဆေးရုံတစ်ရုံမှ လူမည်းအမျိုးသမီးအလုပ်သမတစ်ဦးဖြစ်သော ဘရီအိုနာတိုင်လာ(၂၆ နှစ်)၏ နေအိမ်ကို ရဲတပ်ဖွဲ့ဝင်သုံးဦး ဝင်ရောက်စီးနင်းခဲ့ရာ ယင်းအမျိုးသမီးမှာ သေနတ်ခြောက်ချက်အပစ်ခံရပြီး သေဆုံးသွားခဲ့ရသည်။

အဆိုပါရဲအရာရှိသုံးအနက် တစ်ဦးကို လူးဝစ်ဗီလီတရားရုံးတော်မှ တရားသူကြီးက ပြစ်ဒဏ်အနည်းငယ်ပေးခဲ့ပြီး ကျန်နှစ်ဦးကို အရေးမယူရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

အခင်းဖြစ်ပွားခဲ့စဉ် ရဲအရာရှိတစ်ဦးမှာ မစ္စဘရီအိုနာတိုင်လာ၏ ချစ်သူရည်းစားဖြစ်သူ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသည်။ အဆိုပါ ချစ်သူရည်းစားက ရဲတပ်ဖွဲ့သို့ပြောကြားချက်အရ နေအိမ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသူမှာ ဘရီအိုနာတိုင်လာ၏ ရည်းစားဟောင်းဟု ထင်မှတ်သောကြောင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မစ္စဘရီအိုနာတိုင်လာသည် ရာဇဝတ်မှုကျူးလွန်ဖူးသည့် သမိုင်းကြောင်းမရှိသော်လည်း သူမ၏ ချစ်သူရည်းစားသည် သူမနေအိမ်လိပ်စာကိုအသုံးပြုကာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေသည်ဟု သံသယရှိသောကြောင်း အဆိုပါအိမ်ကို စုံစမ်းစစ်ဆေးရန် ရဲတပ်ဖွဲ့ကအမိန့်ရရှိခဲ့ခြင်းဖြစ်သည်။

သို့သော် လတ်တလောကာလများအတွင်း လက်နက်မပါသော အမေရိကန်လူမည်းများကို ရဲတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်မှုများ မကြာခဏဖြစ်ပေါ်နေမှုနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုတစ်ဝန်း မကျေမနပ်ဖြစ်လျက်ရှိသည်။

မစ္စဘရီအိုနာတိုင်လာကို ပစ်ခတ်ခဲ့သော ရဲအရာရှိနှစ်ဦးကို အရေးမယူခဲ့သည့်အတွက် မကျေမနပ်ဖြစ်ကာ ဗုဒ္ဓဟူးနေ့က လူးဝစ္စဗီလီမြို့၌ ဆန္ဒပြပွဲ၌ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံခဲ့ရသော်လည်း အသက်အန္တရာယ်မစိုးရိမ်ရကြောင်း အမေရိကန်မီဒီယာများကဖော်ပြသည်။

ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရမှုတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိခြင်းခံရသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။
လတ်တလော လူးဝစ္စဗီလီမြို့တွင် အရေးပေါ်အခြေအနေကြေညာထားပြီး အမျိုးသားအစောင့်တပ်ဖွဲ့ကို တပ်ဖြန့်ထားကြောင်း အမေရိကန်မီဒီယာများကဖော်ပြသည်။